မော်လမြိုင်၊ မတ် ၁၂

ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံစဉ် စစ်ရှောင်ပြည်သူအရေး အဓိက ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

မစ္စတာ ဆာဆာကာဝါနဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ မတ်လ ၁၀ ရက်မှာ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို KNU ကာကွယ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးကြီး စောရော်ဂျာခင်လည်း တက်ရောက်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာတော့ နေပြန်ရပ်နိုင်တဲ့သေးတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်မှု အကူအညီတွေ ပေးနိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။



“စစ်ဘေးရှောင်တွေရဲ့ ကိစ္စတွေပဲ ပြောတယ်။ စစ်ဘေးရှောင်တွေက ဒီဇင်ဘာလကတည်းကဆို ခုဆို သုံးလလောက်ရှိပြီ။ တိုက်ပွဲကလည်း နေ့တိုင်းလိုလိုဖြစ်နေတယ်။ ဟိုတနေ့ကပဲ လေယာဉ်နဲ့ လာပစ်သေးတယ်။ ဒီလိုဖြစ်နေတဲ့ကာလမှ ဘယ်လိုမှ ပြန်လာနိုင်စရာမရှိနေဘူး။ သူတို့တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ဟာတွေကို ဘယ်လိုနည်းနည်းကူနိုင်မလဲဆိုတာကို ဆွေးနွေးကြတယ်” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် မစ္စတာဆာဆာကာဝါဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ် အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ဖြစ်တဲ့ ဦးလှမောင်ဆွေ နဲ့ ဦးအောင်နိုင်ဦးတို့လည်း တွေ့ဆုံခဲ့တာပါ။

တွေဆုံပွဲနဲ့ ပတ်သက်ပြီး ဂျပန်အထူးကိုယ်စားလှယ်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
Photo – KESAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.