မော်လမြိုင် ၊ မတ် (၁၁)

မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် အရှုံးပေါ်ပြီး ယာဉ်လိုင်းပြေးဆွဲမှု စတင်ရပ်နားလာကြပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု နည်းပါးတဲ့အပြင် စက်သုံးဆီဈေးနှုန်း တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ မြင့်တက်လာတဲ့ ပြဿနာတွေကို အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဆီဈေးက မတရားကြီးတက်ပြီးတော့ မကိုက်တော့ဘူး။ဘာလို့ဆို လက်ရှိက လမ်းမှာပေးရတဲ့ ကမ်းရတဲ့ဟာကလည်း ဘယ်လိုမှ မကိုက်တော့လို့ အဲဒါကြောင့်မို့ ရပ်ရတယ်”လို့ ဆိုပါတယ်။

အချို့ အဝေးပြေးယာဉ်လိုင်းတွေဟာ အခုအခါမှာတော့ ယာဉ်အစီးအရေ အကန့်အသတ်နဲ့ ပြေးဆွဲလာကြသလို တချို့ယာဉ်လိုင်းတွေကတော့ ယာဉ်လိုင်းပြေးမှု ရပ်နားခဲ့ကြပါတယ်။

အခုလို အဝေးပြေးယာဉ်လိုင်းပြေးဆွဲတာတွေ ရပ်နားလာတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးမှာ ပိုမို အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“ ဆီဈေးအပေါ် လိုက်ပြီး ပြေးဆွဲနေရတော့ ဘယ်သူ့အတွက်မှ အဆင်မပြေဘူး။ ခရီးသွားလာအတွက်ရော ကုန်စည်စီးဆင်းမှုအတွက်ရော အဆင်ပြေမှာ မဟုတ်တော့ဘူး။ အစစအရာရာ ဈေးနှုန်းတွေ တက်နေတာ” လို့ ဆိုပါတယ်။

တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဆမတန် ငွေကြေး တောင်းယူခံနေရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်နှိပ်စက်တာတွေကိုလည်း ခံနေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့အဝေးပြေးယာဉ်လိုင်း ၇၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.