မော်လမြိုင် ၊ မတ် (၁၀)

မော်လမြိုင်မြို့ပေါ် ရပ်ကွက် အများစုဟာ စည်ပင်သာယာရေးအဖွဲ့က ဖြန့်ဝေပေးနေတဲ့ ရေကို အဓိက အသုံးပြုနေတာ ဖြစ်ပြီး လက်ရှိမှာတော့ လျှပ်စစ်မီးမမှန်တာကြောင့် ရေရရှိဖို့ အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က လျှပ်စစ်မီး မမှန်လို့ ရေကို ၃ ရက်တစ်ကြိမ်သာ အလှည့်ကျ ပေးနေတာကြောင့် ဖြစ်ပါတယ်။

ရေ ပုံမှန် မရတာကြောင့် ချက်ပြုတ်ဖို့ အခက်အခဲ ရှိသလို ရေရရှိအောင် ကန်တွေက တဆင့် သွားရောက် သယ်ဆောင်ပြီး သုံးစွဲနေရတယ်လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။
“ နံပါတ်(၁) ချက်ဖို့ပြုတ်ဖို့ လျှော်ဖို့ဖွတ်ဖို့ ဒါတွေကို မလုပ်နိုင်တော့ မဖန်တီးနိုင်တော့ လုပ်နိုင်အောင် ကိုယ်လိုက်ရှာ ရတော့မယ် ကိုယ်ချိုးရမယ် ကိုယ်သုံးရမယ် ဆိုတော့။ လာနေကြဟာ ပုံမှန် သူဟာသူ လည်ပတ်နေတဲ့ဟာက မလည်ပတ်တော့ဘူး ဆိုရင် အခက်အခဲ ရှိတာပေါ့၊ ရေမလာတော့ ရအောင်ဘဲ ဖန်တီးနေကျရတာပေါ့။ ပုံးတွေတင် ဆိုက်ကားတွေနဲ့ သွားကြ လာကြပေါ့ အဲ့လိုလုပ်ရတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့ပေါ် ပြည်သူတွေဟာ ရေ ပုံမှန် မရတာကြောင့် ဝယ်ယူသုံးစွဲနေရသလို တချို့ရပ်ကွက်တွေမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပြီး ရေဖြန့်ဝေပေးနေရပါတယ်။

စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လျှပ်စစ်မီး မမှန်တာကြောင့် တစ်ရက်ကို ၁၂ နာရီလောက်သာ ရေမောင်းတင်နေရတဲ့အတွက်ကြောင့် ရေဖြန့်ဝေရာမှာလည်း အခက်အခဲတွေ ရှိလာတယ်လို့ ပြောပါတယ်။

“ရေက သူမီးလာတဲ့ အချိန်ပဲ မောင်းလို့ရတာကို မီလာတဲ့အချိန် မောင်း မီးမလာတဲ့ အချိန်ဆို မောင်းမရတော့ မီးလာတဲ့ အချိန်ဘဲ ရေရတယ် အဲ့လိုဖြစ်နေတယ်၊ အထ္ထရံ ရေသန့်စက်ရုံက ဆိုလိုရှိရင် ကျွန်တော်တို့က (၂၄)နာရီ မောင်းတာ အခုက တစ်ရက်မှ (၁၂)နာရီလောက်ပဲ မောင်းလို့ရတယ်၊ တစ်ရက် (၁၂)နာရီ မောင်းတောင်မှ အဲ့ဒီဘက်မှာ မီးက အပေါ်နဲ့အောက် မီးက ပျက်ချိန် မတူတဲ့ အခါကျတော့ ကိုးရိုးကားရားတွေ ဖြစ်တာပေါ့၊ သူက အပိုင်းလိုက်ကို ဖြတ်ဖြတ်ပေးတဲ့ အခါကျတော့ ပိုဆိုးသွားတယ်၊ တစ်မြို့လုံးကို အချိန်နဲ့ ဖြတ်တယ် တစ်မြို့လုံးကို အချိန်နဲ့လာတယ်ဆိုရင် နည်းနည်းတော်သေးတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မော်လမြိုင်မြို့ပေါ် ရပ်ကွက်တွေရဲ့ ရေအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် စက်ကြီးတွေ အသုံးပြုပြီး လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာတော့ မြို့ပေါ်ရပ်ကွက်တွေကို ရွှေနတ်တောင်ဆည်ရေ၊ ကင်မွန်းချုံ ဆည်ရေ၊ အတ္ထရံ(၁) ရေပေးဝေရေးနဲ့ အတ္ထရံ(၂) ရေပေးဝေရေး စီမံကိန်းတွေကနေ အဓိက ရေဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံအညွှန်း – မွန်ပြည်နယ်အတွင်း ရေရှားပါးမှု ပြဿနာကို ယမန်နှစ်တွေက ကြုံတွေ့ရစဥ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.