မော်လမြိုင် ၊ မတ် (၉)
အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေဟာ ဖမ်းဆီးနှိပ်စက်ခံရတာ အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုမို ခံစားနေရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာတော့ မြို့ပြတွေထက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ နေရာဒေသတွေက အမျိုးသမီးတွေဟာ ပိုမို အကြမ်းဖက်ခံနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေအား ကာကွယ်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ တောင်းဆိုလိုက်ပါတယ်။
“ အမျိုးသမီးတွေရဲ့ တော်လှန်မှုတွေကို အသိအမှတ်ပြုဖို့လိုသလို ကာကွယ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလို ကာကွယ်ပေးရာမှာ လူထုက ကာကွယ်ပေးဖို့လိုအပ်သလို NUG အပါအဝင် အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ဖိအားပေးပြီး ကာကွယ်ပေးဖို့ လိုပါတယ်” အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို အကြီးအကျယ် ခံစားနေရပါတယ်။
အဲဒီထဲမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီက ဖမ်းဆီးရိုက်နှက် သတ်ဖြတ်တာ၊ မတရား ထောင်ချတာနဲ့ အကျဥ်းထောင်တွေအတွင်းမှာ လိင်းပိုင်ဆိုင်ရာ ကျူးလွန်မှုတွေကို ပိုမို စော်ကားခံနေရတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
“အမျိုးသမီးတွေကို ဖမ်းဆီးတယ် ၊ ညှင်းပန်းနှိပ်စက်တယ် ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ၊ မတရား ထောင်ချခံရတယ်။ အချို့ဒေသတွေမှာဆို စစ်တပ်ရဲ့ မုဒိန်းကျင့်မှုကို ခံရပြီး သတ်ဖြတ်ခံရတာတွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ရဲရဲတောက်တောက် တော်လှန်နေတဲ့အပေါ် လေးစားဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတော့ ဘက်လိုက်မှုတွေ ချက်ချင်းရပ်၊ အာဏာရှင်စနစ်အဖြတ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YRF/CJ