မော်လမြိုင် ၊ မတ် (၈)

အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင့်ပြုမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ပြည်သူတွေကို ဒုက္ခပေးဖို့သာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ CDM ဝန်ထမ်းတွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လဝကဝန်ကြီးဌာနက လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒါ့အပြင် မှတ်ပုံတင် ရရှိရေးအတွက်လည်း ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးသမားတွေကို ဖမ်းဆီးဖို့နဲ့ ပြည်သူတွေကို နည်းမျိုးစုံသုံးပြီး အကြပ်အတည်း ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“ စစ်ကောင်စီ ရှိနေသမျှတော့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ သွားလာခွင့် ၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဘာမှရှိမှာမဟုတ်ဘူး။ တနေ့တခြား ပိုပြီးတင်းကျပ်လာမှာ။ ဒီမိုကရေစီ ကျဥ်းမြောင်းလာလိမ့်မယ်။ ဒါဟာ သူတို့အုပ်စိုးမှုရဲ့ အကျိုးဆက်ပါပဲ “ လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်ချက်ကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရပြီးနောက် မှတ်ပုံတင် မရှိတော့တဲ့သူတွေနဲ့ မှတ်ပုံတင်မရသေးတဲ့ ကျေးလက်နေ ပြည်သူတွေ အပါအဝင် လူမျိုးခြားတွေအတွက် ပိုမို အကြပ်အတည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်ကြောင့် ခရီးသွားလာတာဟာကအစ မလုံခြုံမှုကို ပိုမို ဖြစ်ပေါ်စေတယ်လို့ CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ နီးနီးနားနား သွားရင်တောင် ကို့ယ်ကို စောင့်ကြည့်ပြီး ဖမ်းမလားဆိုတာ စိုးရိမ်နေရတယ် ။ ညအိပ်ရင်တောင် တံခါးလာခေါက်ပြီး ဖမ်းမလားဆိုတဲ့ စိုးရိမ်စိတ်တွေက အမြဲရှိနေပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကကတော့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစလို့ ထောက်ခံစာပြပြီး ခရီးသွားလာတာ၊ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာမဟုတ်သလို မှတ်ပုံတင်အတုနဲ့ ကဒ်ပိုအတု ကိုင်ဆောင်တာတွေလည်း တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် အဲဒီကြေညာချက်ထဲမှာတာ့ မှတ်ပုံတင် ပျက်စီးသူတွေနဲ့ ပျောက်ဆုံးသူတွေရဲ့ ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အသိပေးထားတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.