မော်လမြိုင် ၊ မတ် (၈)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စာသုံးဆီ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတယ်လို့ စားသုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ကမ္ဘာ့စားသုံးဆီ ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စံချိန်တင် ဈေးနှုန်းသို့ ရောက်ရှိလာခဲ့တာပါ။

စားသုံးဆီဈေးဟာ ဖေဖော်ဝါရီလက တစ်ပိဿာကို ကျပ် ၅၀၀၀ နီးပါးသာ ရှိခဲ့ရာမှ မတ်လ ဒုတိယအပတ်မှာတော့ တစ်ပိဿာကို ကျပ် ၈၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

စားသုံးဆီဈေးနှုန်းဟာ ကမ္ဘာ့စားသုံးဆီ ဈေးကွက်မှာ ကုန်ကြမ်းပစ္စည်းရှားပါးနေတဲ့အတွက်ကြောင့် ဈေးနှုန်း မြင့်တက်နေတာ ဖြစ်ပြီး၊ အခုလအတွင်း ဈေးနှုန်းထပ်မံမြင့်တက်လာဖို့ ရှိနေတယ်လို့ စားသုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အရင်နှစ်တွေက ရန်ကုန်မှာ ကန်အတွင်း သိုလှောင်ထားတဲ့ စားသုံးဆီတွေ အလုံအလောက် ရှိတာကြောင့် ဈေးနှုန်း မြင့်တက်မှုကို အနည်းငယ်သာ ခံစားရပြီး လက်ရှိမှာတော့ ကန်အတွင်း သိုလှောင်ထားတဲ့ စားသုံးဆီတွေပါ ပြတ်လပ်နေတာကြောင့် ဈေးနှုန်း ကြီးမြင့်မှုကို ပိုခံစားနေရတာလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စားသုံးဆီတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က အဓိက တင်သွင်း ရောင်းချနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.