မနီလာ၊ မတ် ၇

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် အရွယ်မရောက်သေးသူများကို မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကာ အကွယ်ပေးရေး ကြိုးပမ်းမှုတွင် အနိမ့်ဆုံး လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြုသည့် အသက်အရွယ် သတ်မှတ်ချက်ကို ၁၂ နှစ်မှ ၁၆ နှစ်အထိ တိုးမြှင့်သည့် ဥပဒေကြမ်းကို တနင်္လာနေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း ၎င်း၏ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် နိုင်ဂျီးရီးယား၏ အသက် ၁၁ နှစ် နောက်တွင် ကမ္ဘာ့အနိမ့်ဆုံး လိင်ခွင့်ပြုသည့် အသက်အရွယ်များ ထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) ၏ အဆိုအရ သိရသည်။

ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် Unicef နှင့် Center for Women’s Resources တို့၏ ၂၀၁၅ ခုနှစ် ပူးတွဲလေ့လာမှုတွင် ဖိလစ်ပိုင်ရှိ မုဒိမ်းကျင့်ခံရသူ ၁၀ ဦးတွင် ၇ ဦးသည် ကလေးငယ်များဖြစ်ကြောင်း ပြသခဲ့သည်။

အသက် ၁၃ မှ ၁၇ နှစ်ကြားဖြေဆိုသူငါးဦးတွင် တစ်ဦးသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တွေ့ကြုံ ခံစား ခဲ့ရပြီး အသက် ၂၅ ဖြေဆိုသူ တစ်ဦးသည် ကလေးဘဝတွင် အတင်းအကျပ် လိင်ဆက်ဆံခြင်းကိုခံ စားခဲ့ရကြောင်း လေ့လာမှုကပြောကြားခဲ့သည်။

ဒူတာတေး မှ ထောက်ခံထားသည့် ကျားမရေးရာ ဘက်မလိုက်သည့် ဥပဒေကြမ်းအောက်တွင် အသက် ၁၆ နှစ်အောက် အရွယ်ရောက်ပြီးသူနှင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံသူ မည်သူမဆို မုဒိမ်းမှု ကျူးလွန်ပါက ၎င်းတို့ကြားတွင် အသက် ၃ နှစ် သို့မဟုတ် ထိုထက်နည်းသော အသက်ကွာခြားချက်နှင့် လိင်ဆက်ဆံခြင်းကို ကြည်ကြည်ဖြူဖြူ သက်သေပြခြင်းမရှိပါက အလွဲသုံးစားလုပ်ခြင်း၊ အမြတ်ထုတ်ခြင်း ပြစ်မှုမြောက်မည် ဖြစ် သည်။ ပါဝင်ပတ်သက်သူသည် ၁၃ နှစ်အောက်ဖြစ်ပါကလည်း ကင်းလွတ်ခွင့်မရှိပါ။

“ဒီဥပဒေပိုင်းဆိုင်ရာ တိုးတက်မှုကို ကျွန်တော်တို့ ကြိုဆိုပြီး မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေကနေ အကာအကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံရှိ ဆင်းရဲနွမ်းပါးပြီး ဘေးဖယ်ခံထားရသူများ အတွက် ဥပဒေရေးရာအကူအညီပေးသည့် လွှတ်တော်ရှေ့နေများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Josalee Deinla က ပြောကြားခဲ့သည်။

ဥပဒေကြမ်း၏ အဓိကပံ့ပိုးကူညီသူ တစ်ဦးဖြစ်သည့် Lawrence Fortun က ၎င်းဥပဒေအား “အဓိက ခြေလှမ်း သစ်” ဟု ဖော်ပြခဲ့သည်။

“မုဒိမ်းမှုနဲ့ တခြားလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုပုံစံတွေကို ပိုမိုခိုင်မာတဲ့ အကာအကွယ်ပေးဖို့ တွန်းအားပေး ရာမှာ ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုတွေ တိုးတက်လာတာကို ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.