မော်လမြိုင် ၊ မတ် (၈)

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက်ကြောင့် အရပ်သားပြည်သူ သေဆုံးမှု ပိုမိုမြင့်တက်လာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN)က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ကလော်ဒေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကလေးသုံးဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ရွာသား ၇ ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိသူတွေထဲမှာတော့ ကလေးငယ် နှစ် ဦး ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မနိုင်တဲ့အတွက်ကြောင့် အရပ်းသာပြည်သူတွေအပေါ်မှာ တမင်ရည်ရွယ် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) ပြောခွင့်ရ နော်ဝါးခူရှီးက ပြောပါတယ်။

“ စစ်သားတွေက တိုက်ပွဲတွေဖြစ်ရင် ရွာသွားတွေကို ပိုပြီးတော့ ပစ်မှတ်ထားတယ် ။ လက်နက်ကြီးတွေကို ပိုသုံးလာတယ် ။ ရွာအထဲနဲ့ ရွာအနီးဝန်းကျင်တွေကို ပစ်တယ်။ ပြီးခဲ့တဲ့ ငါးရက်နေ့မှာဆို ခုနှစ်ဦးလောက်သေတယ်။ အမျိုးသမီးနဲ့ကလေးတွေ အများဆုံးပါတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျေးရွာတွေရဲ့ တည်နေရာကို ဒရုန်းတွေနဲ့စုံစမ်းပြီး လက်နက်ကြီး အပါအဝင် လေယာဉ်တွေနဲ့တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေတဲ့အတွက်ကြောင့် အရပ်သားပြည်သူ သေဆုံးသူ ၂၀ ထက်မနည်း ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၈၀၀၀၀ ကျော်ထိ ရှိလာပြီး ဖြစ်ပါတယ်။

အဲဒီထဲမှာ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေမှာ ပိုမို အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.