မော်လမြိုင် ၊ မတ် (၆)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် စီးပွားရေး လုပ်ငန်းအများစု ထပ်မံ ရပ်နားရဖို့ ရှိနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့သလို လျှပ်စစ်မီးကလည်း တစ်ရက်ကို အချိန် ၈ နာရီလောက်သာ ရရှိနေကြတာပါ။

လျှပ်စစ်မီး မမှန်တာကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ မီးစက်တွေကို အဓိက အသုံးပြုလာရသလို အထွေထွေကုန်ကျစရိတ် ပိုမို ကြီးမြင့်လာတာကြောင့် လုပ်ငန်းအများစု ထပ်မံ ရပ်နားလာကြတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“မီးက မလာတဲ့ အခါကျတော့ တစ်ရက်မှာ ကျွန်တော်တို့ မီးက (၁၀)နာရီ အောက်မှာပဲ ရတာကို (၆)နာရီ (၈)နာရီ အဲ့လောက်ပဲ ရတယ်၊ အဲ့ဒီကျန်တဲ့ အချိန်က အင်ဂျင်နဲ့ Generatorနဲ့ လည်ရတဲ့ အခါကျတော့ ဆီဖိုးတွေ အများကြီး တက်တာပေါ့၊ ဆီဖိုးကလည်း အခု ဆီဈေးတွေ တက်တဲ့ အနေအထားနဲ့ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က ဒီဝင်ငွေရဲ့ ထက်ဝက်လောက်က အဲ့ဒီလျှပ်စစ်မှာ သွားသုံး လိုက်ရတယ်၊ ကျန်တဲ့ စရိတ်တွေ တခြားသော ဒီကုန်ကျစရိတ်တွေနဲ့ ဆိုလိုရှိရင်တော့ ကျွန်တော်တို့မှာ ဝင်လာတဲ့ ငွေက မလောက်သလို မလောက် သလောက် ဖြစ်နေတာပေါ့လေ၊ အမြတ်ကို မကျန်ဘဲနဲ့ အဲ့လို ဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းအများစုဟာ လျှပ်စစ်မီး အပြည့်အဝ မရတာကြောင့် လုပ်ငန်းတွေကို တဝက်လောက်သာ လည်ပတ်နိုင်တော့သလို ဝန်ထမ်းလျော့ချတာအပြင် လစာနှုန်းထားတွေလည်း လျော့ချလာရတယ်လို့ ဆိုပါတယ်။

SME လုပ်ငန်းရှင် တစ်ဦးကတော့ လျှပ်စစ်မီး မမှန်တာအပြင် ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးနှုန်း ဆက်လက် မြင့်တက်နေတဲ့အတွက်ကြောင့် လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

“ ကုန်ဈေးနှုန်းတွေ တက်မယ် ဆီဈေးတွေ တက်မယ် လုပ်ငန်းတွေမှာလည်း ဈေးတက်တဲ့ အပေါ် အိမ်ရှင်တွေက အလုပ် အပ်ဖို့အတွက် အခက်အခဲ ရှိမယ်၊ အလုပ်အပ်ဖို့အတွက် အခက်အခဲ ရှိတဲ့အခါကျတော့ ကျွန်တော်တို့ဘက်မှာ ပိုပြီးတော့ အခက်အခဲ ရှိတာပေါ့ အလုပ် ပါးတာပေါ့ အလုပ်မရှိဘူးပေါ့ အဲ့လိုတွေ ဖြစ်လာတာပေါ့၊ လတ်တလောကျတော့ အလုပ် အသေးအမွှားလေတွေပဲ လုပ်ပြီးတော့ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်နည်းနည်းလေ ကာကွယ်ယုံလောက်ပဲ ရှိတာပေါ့၊ ဘာလိုဆိုတော့ လုပ်ငန်းက ရပ်လို့ မရဘူးလေ၊ ရပ်တဲ့အခါကျရင် ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး ရှိတယ်လေ၊ အဲ့လို အခြေအနေတော့ ရှိတာပေါ့ လက်ရှိကတော့”လို့ ဆိုပါတယ်။

လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီဈေးနှုန်း ကယက်ကြောင့် စီးပွားရေး လုပ်ငန်းအများစု ရပ်နားလာနိုင်သလို အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ပိုမို မြင့်တက်လာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

လက်ရှိအချိန်ထိတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်ရဲ့ စီးပွားရေလုပ်ငန်း (၄၀)ရာခိုင်နှုန်းထက်မနည်း ရပ်နားခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ထောင်နဲ့ချီ ဆထက်တိုး မြင့်တက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.