ဝါရှင်တန်၊ မတ် ၆

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေကို ချမှတ်သွား မယ်လို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ကျင်းပတဲ့ G7 မဟာမိတ်များအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 

အသက်ဆုံးရှုံးစေမယ့် အကြပ်အတည်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသားတွေကို ကြိုတင်သတိပေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ 

G7 ခေါင်းဆောင်များဖြစ်တဲ့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ အွန်လိုင်းတံခါးပိတ်အစည်းအဝေးကို မနက် ၉ နာရီမှာ စတင်ကျင်းပဖို့ စီစဉ်ထားပြီး ဘိုင်ဒင်အနေနဲ့  အိမ်ဖြူတော် မိန့်ခွန်းကို ညနေခင်းပိုင်းမှာ ပြောကြားဖို့ စီစဉ်ထားပါတယ်။ 

ယူကရိန်းနယ်စပ်မှာ သောင်းနဲ့ချီတဲ့ တပ်သားတွေ၊ အဆင့်မြင့်လက်နက်တွေနဲ့ ရုရှားက စခန်းချထားသလို ထိုလုပ်ရပ်နဲ့ ပတ်သက်ပြီး နေတိုးနဲ့ ဥရောပမဟာမိတ်တွေကလည်း အရင်ကာလကထက် ပိုမိုကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်သွားဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီဒဏ်ခတ်အရေးယူမှုအပေါ် တားဆီးပိတ်ပင်မှု တွေ ရှိပေမဲ့ ရုရှားစီးပွားရေးအခြေအနေကတော့ အကြီးအကျယ် အထိနာလျက်ရှိပါတယ်။ 

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများ၊ လက်တွဲဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံများအနေနဲ့ တစုတစည်း တည်း တုံ့ပြန်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ရုရှားအနေနဲ့ လုပ်ရပ်အပေါ် တာဝန်ခံဖို့အတွက် ကမ္ဘာတစ်ခုလုံးက ဆောင်ရွက်နေတယ်” လို့ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးမှတ်ချက်ပြုခဲ့ပါတယ်။

ဘိုင်ဒင်က ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေကို အထောက်အပံ့နဲ့ အကူအညီတွေ ပေးမယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelensky နဲ့လည်း ဖုန်းဆက်ကတိပြုခဲ့ပါတယ်။

ပူတင်ရဲ့ ပြင်းထန်တဲ့ ရန်စမှုကို ဆန့်ကျင်ကြောင်း “ကမ္ဘာ့ခေါင်းဆောင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြော ဖို့”  Volodymyr Zelensky က တောင်းဆိုခဲ့ကြောင်း အမေရိကန်သမ္မတက ပြန်လည်ပြောကြားခဲ့ပါတယ်။ 

အမေရိကန်အစိုးရနှင့် ဥရောပမဟာမိတ်အဖွဲတို့ ပူးပေါင်းပြီး  ရုရှားဘဏ်နှစ်ခု၊ မော်စကိုအစိုးရရဲ့ ကြွေးမြီတွေ၊ ရေပေါ်ဆီ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေအပြင် အခြားသော ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းထဲ ရောက်ရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဟာ ပိုမိုထင်ရှားလာတာကြောင့် ရုရှားကနေ ဂျာမနီကို ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း (Nord Stream 2 natural gas pipeline) ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

အစောပိုင်းမှာလည်း ဂျာမနီသည် ပိုက်လိုင်းကတဆင့် ပို့ဆောင်ခြင်းကို မလုပ်ဖို့ တားမြစ်ထားပါတယ်။

ထပ်မံချမှတ်မဲ့ ဒဏ်ခတ်မှုအသစ်ထဲမှာ ပူတင်နဲ့ နှီးနွှယ်တဲ့ ဘဏ်ကြီးတွေ၊ ရေပေါ်ဆီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါဝင်တယ်လို့ အမေရိကန် အကြီးတန်းအရာရှိတွေက ပြောကြားခဲ့ပါတယ်။  အလွန်အရေးကြီးတဲ့ လုပ်ရပ်အနေ နဲ့  နည်းပညာမြင့်စက်ကိရိယာများနှင့် အစိတ်အပိုင်းများကို ရုရှားနိုင်ငံသို့ တင်ပို့ခြင်းကို တားမြစ်ခြင်းလည်း ပါဝင် ပါတယ်။ ကြာသပတေးနေ့မှာ ထုတ်ပြန်မဲ့ ဒဏ်ခတ်စာရင်းထဲမှာ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်မလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အချို့သောအစီအမံများဟာ အနောက်နိုင်ငံတွေအတွက် ဆိုးရွားသောစီးပွားရေးကျဆင်းမှုအန္တရာယ် ဖြစ်စေနိုင် သလို၊  Covid ကူးစက်ရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာမှုကို အဟန့်အတားဖြစ်စေ နိုင်ပါတယ်။ အခုကတည်းက စတော့ဈေးကွက်တွေ လှုပ်ခတ်မှုတွေဖြစ်လာပြီး ရေနံဈေးအနေနဲ့ တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ တက်လာပါတယ်။

ရုရှားဘက်က ကျူးကျော် တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့အချိန်က စပြီး၊ အမေရိကန်ရဲ့ ပါတီနှစ်ခုလုံးမှ အမတ်များက တင်းတင်းကျပ်ကျပ်တုံ့ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ကမ္ဘာစစ်ပြီးခေတ်ရဲ့ နိုင်ငံတကာဟန်ချက်တစ်ခုလုံးက ဓားသွားပေါ်မှာ ရှိနေပါတယ်။ ပူတင်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တန်ရာတန်ကြေးပြန်လည်ပေးဆောင်ရပါမယ်။ မဟုတ်ပါက ကျွန်တော်တို့အားလုံးရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မယ်လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chris Murphy က ပြောဆိုခဲ့ပါတယ်။ 

နောက်ထပ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Mark Warner က “သမ္မတ Biden က ကနဦး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပြီးသားဖြစ်ပြီး အခုအချိန်ဟာ ရုရှားအစိုးရအတွက် အထိနာမှုအဆင့်ကို အရှိန်တင်ဖို့ အချိန်တန်ပြီ” ဟု ပြောခဲ့ပါတယ်။

ဘာသာပြန် – အာသစ်

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.