မော်လမြိုင် ၊ မတ် (၆)

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း ကြေညာတာဟာ တရားဝင် အစိုးရ မဟုတ်တဲ့အတွက်ကြောင့် တရားမဝင်သလို ဥပဒေအရ ကိုက်ညီမှု မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေက တုံ့ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း ကြေညာခံရသူတွေဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားတဲ့ သူတွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်တွေ့ရှိရတာကြောင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ ပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီရဲ့ ကြေညာမှုဟာ ဥပဒေအရ ကိုက်ညီမှု မရှိသလို နိုင်ငံက အပြီးပိုင် ထွက်ခွာသွားတာ မဟုတ်ဘဲ အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တုံ့ပြန်ပါတယ်။

ဥပဒေပညာရှင်တစ်ဦးကတော့ နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း ကြေညာခံရတဲ့သူတွေဟာ နိုင်ငံကနေ ယာယီထွက်ခွာတယ်ဆိုရင် နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

“ သူတို့က မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာမယ်ဆိုရင်တော့ ကြေညာစရာမလိုဘဲနဲ့ အလိုအလျောက် ရပ်စဲသွားမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ကြေညာခြင်းခံရတဲ့သူတွေသည် အခြားနိုင်ငံက နိုင်ငံသားအဖြစ် ခံယူသလား။အဲဒီနိုင်ငံရဲ့ မှတ်ပုံတင်ကို ကိုင်ဆောင်အသုံးပြုနေကြသလား။ဒါဆိုရင်တော့ နိုင်ငံသားအဖြစ်က အလိုအလျောက် ရပ်စဲသွားမှာ ဖြစ်ပါတယ်။အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဒီလိုမျိုးထုတ်ပြန်ကြေညာခြင်းကြောင့် နိုင်ငံသားအဖြစ်က ရပ်စဲသွားမှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၁၆ ပြဌာန်းချက်အရ နိုင်ငံသားတစ်ဦးဟာ နိုင်ငံတော်ကနေ အပြီးအပိုင်ထွက်ခွာခဲ့ရင် ဖြစ်စေ၊ အခြားနိုင်ငံရဲ့ နိုင်ငံသားအဖြစ်ကို ခံယူရင် ဒါမှမဟုတ် မှတ်ပုံတင်ရင်ဖြစ်စေ၊ အခြားနိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အလားတူ လက်မှတ်ကို ထုတ်ယူရင် ဖြစ်စေ နိုင်ငံသားအဖြစ်ကနေ ရပ်စဲတယ်လို့ ဖော်ပြပါရှိ ပါတယ်။

စစ်ကောင်စီက နိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေထဲမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တို့ ပါဝင်ကြပါတယ်။

ဒါ့အပြင် ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ မအိပန်ဆယ်လိုနဲ့ ကိုမျိုးရန်နောင်သိမ်း တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.