ဒီမော့ဆို၊ မတ် ၆

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက မတ်လ ၅ ရက်နေ့ မနက်ပိုင်းကစပြီး အင်အား အလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သံချပ်ကာကား၊ တင့်ကား အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်လောက်နဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာနဲ့ ပူဖါးကျေးရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ဒေသPDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ပြန်လည် ခုခံနေပြီး လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“ငွေတောင်ဘက်ကို စစ်ကြောင်းတကြောင်း၊ ခုလည်း ဒီမော့ဆိုဘက်ကို ဝင်လာဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ကတော့ ခုခံနေဆဲပါပဲ။ သူတို့ကတော့ တင့်ကားလည်းပါတယ်။ အင်အားအလုံးအရင်းနဲ့ ဝင်လာတယ်၊ လက်နက်ကြီးတွေနဲ့ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ကြည့်ပြီးတော့ ခုခံရတာပေါ့”လို့ ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ ဒေသတွေကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ PDF ဘက်ကလည်း နယ်မြေတချို့ လက်လွှတ်ပေးခဲ့ရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ သောက်သုံးရေအပြင် စားနှပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရသလို ထွက်ပြေးတိမ်းရှောင်ရတဲ့ နေရာ ပိုမိုကျဉ်းမြောင်လာခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီကတော့ ကယားပြည်နယ်ဟာ နေပြည်တော်နဲ့ နီးနေတဲ့အတွက်ကြောင့် နယ်မြေပြန်လည် စိုးမိုးရေးအတွက် အသည်းအသန်း ကြိုးစားလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.