မော်လမြိုင် ၊ မတ် (၅)

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်းဟာ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

သူရဲ့ မြန်မာပြည်ခရီးစဉ်မှာတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ အခုလို သုံးသပ်ကြပါတယ် ။

“ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အဖွဲ့တွေနဲ့ပဲ ဆွေးနွေးမယ်ဆိုရင်တော့ မြန်မာပြည်သူတွေနဲ့ အစုအဖွဲ့တွေက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် သူလည်းပဲ အရင် ဘရူးနိုင်းကိုယ်စားလှယ်လိုပဲ ထိရောက်အောင်မြင်အောင် မလုပ်နိုင်ဘဲ အလိမ်ခံရပြီး ပြန်ရမယ်လို့ပဲ သုံးသပ်ပါတယ်” လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

မတ်လ ၂၀ ရက်နေ့ကနေ ၂၃ရက်နေ့ထိ ၃ရက်တာ လာရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးနဲ့ တွေ့ဆုံ စီစဉ်ထားတယ်ဆိုပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတတို့နဲ့ တွေ့ဆုံဖို့ ရှိမရှိကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးမှာ စစ်ကောင်စီရဲ့ အလိမ်အညာတွေကို ကြည့်ပြီး မြန်မာပြည်ငြိမ်းချမ်းတယ်လို့ ယူဆရင် နိုင်ငံတကာအလယ်မှာ အကြီးအကျယ် အရှက်ကွဲရလိမ့်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေကို ဖိနှိပ်ဖို့ ကြိုးစားနေချိန်မှာ ဒီကိုယ်စားလှယ် လာလို့လည်း စစ်ကောင်စီက ရပ်ဆိုင်းမှာ မဟုတ်ဘူး။ သို့သော် ဖုံးဖိထားမှာ ၊ သတင်းအမှောင်ချထားမှာ ဒီလိုတွေပဲ လုပ်နေမှာပါ။ ဒါကို အာဆီယံကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းနေတယ်လို့ ယူဆရင်တော့ နိုင်ငံတကာမှာ အကြီးအကျယ် သိက္ခာကျမယ့် အခြေအနေ ဖြစ်သွားပါလိမ့်မယ်” လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ကတော့ သူရဲ့ မြန်မာပြည်ခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီထံ ခွင့်တောင်းခဲ့ပါသေးတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတာကြောင့် တွေ့ခွင့်မပေးနိုင်ဘူးလို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ် ယူဆွဖ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တွေ့သင့်တွေ့ထိုက်တဲ့သူတွေကို တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.