မော်လမြိုင် ၊ မတ် (၅)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံတွေ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံနေရလို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ကျောက်အိုင်၊ မဲကဲ၊ ဝင်းကဖော် အပါအဝင် အနီးနား ကျေးရွာတွေက စစ်ရှောင်ပြည်သူ အပါအဝင် ဒေသခံ ၁၀၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်ခံရမှုအရ ကိုဗစ် ဒေတာပိုးအပြင် ကိုဗစ်မျိုးကွဲ အိုမီခရွန် ကူးစက်မှု ၂ ခုစလုံး ဖြစ်ပြီး အောက်စီဂျင် လိုအပ်ချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်ထားတာကြောင့် ဆေးဝါးဝယ်ယူဖို့ အခက်အခဲ ရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ချန်ထားတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနေရတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်ထဲက ကျေးရွာအများစုမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေ အနည်းစုသာရှိနေပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ အများစုမှာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးဘူးလို့ ဆိုပါတယ်။

သရက်ချောင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.