မော်လမြိုင် ၊ မတ် (၅)

အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် အင်အားနည်းလာတာကြောင့် ရဲတပ်ဖွဲ့ ၆ ခုကို ဖျက်သိမ်းပြီး တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့ဖို့ စီစဉ်နေတယ်လို့ CDM ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲချုပ်ရုံးလက်အောက်က လေကြောင်းရဲ၊ ရေကြောင်းရဲ၊ ရေနံမြေရဲ၊ သစ်တောရဲ၊ အမြန်လမ်းရဲ့နဲ့ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး တပ်ဖွဲ့ဝင်တွေကို ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့ စီစဉ်နေတာပါ။

ရဲတပ်ရင်းဟာ လက်နက်အပြည့်အစုံနဲ့ ရှေ့တန်း ရဲဘော်တွေလို တာဝန်ယူရတဲ့ ဌာန တစ်ခု ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလို ဆောင်ရွက်ချက်ဟာ အင်အား ချိနဲ့လာတာကို ပြသနေတာ ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရေး စစ်တပ်နဲ့ ရှေ့တန်းမှာ လုံခြုံရေး ယူခိုင်းဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ CDM ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ အင်းအာတွေ ကျဆုံးလာပြီး ၊ ဒီလူတွေကို ဆွဲသုံးလိုက်တဲ့ သဘောပဲပေါ့။ ရှေ့တန်းပို့လိုက်တာမျိုးပေါ့။ ရှေ့တန်းမှာ တိုက်ခိုက်ရေးနဲ့အတူ လုံခြုံရေးပါ တာဝန်ယူခိုင်းတဲ့ သဘောပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်ကြောင့် ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်မယ့်သူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီရဲတပ်ဖွဲ့တွေ ဖျက်သိမ်းဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးအကဲများ အစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်မှတ်ထိုးပြီးရင် အကောင်အထည် ဖော်သွားဖို့ ရှိနေတာပါ။

မြန်မာနိုင်ငံမှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အပါအဝင် ရဲဌာန ၃၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.