မော်လမြိုင် ၊ မတ် (၄)

အာဏာသိမ်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ကင်းထောက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အထူးသတိထားကြဖို့ CDM လေတပ် အရာရှိ တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ စစ်ရေးအရ မြေပြင်မှာ နယ်မြေမစိုးမိုးနိုင်တဲ့ နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ တာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ကင်းထောက်မှု အန္တရာယ်က ရှောင်ရှားနိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ နေ့ရောညပါ လူစုမနေပဲ သိုသိုသိပ်သိပ်ဆောင်ရွက်ကြဖို့ CDM လေတပ်ဗိုလ်ကြီး ဇေသူအောင်က တိုက်တွန်းလိုက်ပါတယ်။

“ နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် ပေါပေါထင်ထင်လုပ်နေမယ်ဆို အန္တာရယ်များပါတယ်။ ကင်းထောက်လေယာဥ်တွေက ညဘက်ဆို ပိုပြီးအလုပ်ဖြစ်ပါတယ် အပူလှိုင်းတွေကို ကြည့်ပြီးတော့ ။ နေ့ဘက်တွေမှာဆိုလည်း ဒရုန်းတွေ ကင်မရာတွေကနေ ထောက်လှမ်းနိုင်တယ်ဆိုတော့ ပေါပေါထင်ထင် မနေတာ အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေဟာ တိုက်ခိုက်ရေးအတွက် အဓိက ပစ်ကူပေးနေတာဖြစ်ပြီး အပှုလိုင်းနဲ့ အာရုံခံတာ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လူအစုအလိုက် အပြုံအလိုက် ဝိုင်းဖွဲ့ နေထိုင်တာတွေ မလုပ်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခုအခါ ကယားပြည်နယ် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေကို မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်လာသလို ကင်းထောက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေတာပါ။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ရာနဲ့ချီ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.