မော်လမြိုင် ၊ မတ် (၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖောက်ထွင်းဝင်ရောက်ပြီးနောက် ပစ္စည်းတွေ ယူဆောင်သွားပြီး နေအိမ်တွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် မြို့ဟောင်း၊ ရွာသစ်စတဲ့ ကျေးရွာတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီ နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတာပါ။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ မြို့ဟောင်းရွာနဲ့ မောင်းမရွာသစ်၊ ကြောင်လျှာကုန်း၊ အံဖကြီးနဲ့ အံဖလေး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲနေထိုင်ပြီးနောက် နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖမ်းယူစားသောက်တာတွေ ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကော့ကရိတ်မြို့နယ်ထဲက မြို့ဟောင်း ရွာသစ် အံဖလေးစတဲ့ ကျေးရွာတွေထဲမှာ တစ်လကျော်ကြာ နေရာယူတပ်စွဲထားပြီး၊ စစ်ဘေးရှောင်တချို့ က ရွာထဲကိုပြန်လည်ဝင်ရောက် နေထိုင်တာတွေ ရှိလာပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့လတွေမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရွာသားအချို့ ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေလည်း ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.