မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅)

အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲ မတိုင်ခင် အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ခဲ့တာပါ။

ဒါပေမယ့် နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့နဲ့ အပစ်ရပ် လက်မှတ်မထိုထားတဲ့ အဖွဲ့ ၃ ဖွဲ့သာ တက်ရောက်ခဲ့ပါတယ်။

တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗဟိုကော်မတီအဆင့် တာဝန်ရှိသူ အများစုကိုသာ စေလွှတ်ပြီး ဆွေးနွေးစေခဲ့တာပါ။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နိုင်ငံတကာအလယ်မှာ ရှက်ဖို့ ကောင်းတဲ့ အခြေအနေ တစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဝေဖန်လိုက်ပါတယ်။

“သူတို့တတွေ (တက်ရောက်တဲ့သူ)ပြောသံဆိုသံကြားရတာလည်း သူတို့ကလည်း ဘာမှသဘောထား မဖော်ပြပါဘူးတဲ့။စကစဘက်က အစီအစဉ်နဲ့ သဘောထားတွေကို နား‌ထောင်ပြီး ပြန်လာကြတာပါပဲတဲ့။အဲဒီတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ ဒီပြည်ထောင်စုနေ့မှာ စိန်ရတုပွဲ ကျင်းပပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး အဒွန်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ကျင်းပမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ပူဖောင်းကြီး ပေါက်ကွဲသွားတဲ့အတွက် နိုင်ငံတကာမှာတော့ အတော်ရှက်ရစရာကောင်းတဲ့ အခြေအနေတစ်ခုကို စကစအဖွဲ့က ရောက်ရှိသွားတယ်လို့ ကျွန်တော်က ကောက်ချက်ချပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆွေးနွေးပွဲကို အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နဲ့ မွန်ပြည်သစ်ပါတီ(NMSP)တို့ တက်ရောက်ခဲ့ပါတယ်။

အပစ်ရပ် လက်မှတ်မရေးထိုရသေးတဲ့ အဖွဲ့တွေမှာတော့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တို့က တက်ရောက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ မွန်ပြည်သစ်ပါတီ(NMSP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တို့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.