လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၅

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ လွိုင်ကော်က စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးထားလို့ ယူစရာမကျန်တော့ဘူးလို့ ပြောကြပါတယ်။

လက်ရှိမှာတော့ ကရင်နီ ပြည်နယ်(ကယား)ရဲ့မြို့တော် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ပစ္စည်းလိုအပ်ချက်တွေကြောင့် နေအိမ်ပြန်ပြီး ပစ္စည်းယူမယ့် စစ်ဘေးရှောင်တွေဟာ ယူစရာပစ္စည်းတွေ ဖျက်ဆီးခံထားရတာကြောင့် ဘာမှမကျန်နေဘူးလို့ ပြောပါတယ်။

“ ဒီနေ့ လွိုင်ကော် မိုင်းလုံးရပ်ကွက်အိမ်ကို အရဲစွန့်ပြီး ပစ္စည်းပြန်ယူဖို့ စွန့်စားခဲ့ကြပါတယ်။ ကျွန်မတို့ အိမ်ရောက်တော့ အထဲမှာ အကုန်မွှေနှောက်ထားတာ။ အိမ်အပေါ်ထပ်က ဘုရားစင်၊ သေတ္တာ၊ ဓါတ်ပုံမှန်ပေါင်တွေပါ မကျန် ခွာပြီး ဖျက်ဆီးထားခဲ့တယ်။ ပိုက်ဆံကတော့ ဘယ်လိုရှာရှာ ဘယ်နေရာမှ မရှိတော့တာ။ အကုန်ဖျက်ဆီးပြီး မွှေနှောက်ထားတော့ ပွလန်ကျဲနေတာပဲ။ အောက်ထပ်က ကျွန်မတို့အခန်းမှာ အိပ်ပြီး ချက်ပြုတ်စားသောက်ပြီး အိုးခွက်တွေ ပစ်ခွဲရှုပ်ပွထားခဲ့ပုံရတယ်။ အင်္ကျီတွေကအစ အိမ်နေဝတ်ကလွဲရင် မကျန်ဘူး။ အိမ်က ကားဝပ်ရှော့က ပစ္စည်းတွေ မူလီကအစ တန်ဖိုးကြီး အင်ဂျင်အဆုံး ယူဆောင်သွားပါတယ်။ ကြက်အကောင် (၅၀)ကျော်လည်း မတွေ့ရတော့ဘူး”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပြပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေအိမ်ပြန်ဖို့အတွက် စစ်ကောင်စီတပ်မှာ လက်မှတ်သွားလုပ်ရပြီးနောက် မြို့ထဲဝင်ဖို့အတွက် ကားတွေကို စောင့်ဆိုင်းရပါတယ်။

စောင့်ဆိုင်းနေစဉ်မှာလည်း စစ်ကောင်စီတပ်သားတွေက ဖုန်းနဲ့ ခန္ဓာကိုယ်ကို စစ်ဆေးသလို လက်မြှောက်ခိုင်းတာတွေ၊ ထိုင်ထလုပ်ခိုင်းတာတွေလည်းရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေက လွိုင်ကော်မြို့ပေါ်က ပစ်ကွင်းကောင်းတဲ့ အထပ်မြင့်နေရာတွေမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းလုံးစျေးတန်းတစ်လျှောက် ဆိုင်တွေအကုန်အဖောက်ခံထားရပြီး တံခါးတွေ အကုန်ပွင့်လျက်သားဖြစ်နေကာ ပစ္စည်းအများစုလည်းဖျက်ဆီးခံထားရပါတယ်။

”ကုက္ကိုပင်တန်းကျော်တာနဲ့ ပျက်စီးနေတဲ့မြို့ပျက်တစ်ခုလိုပါပဲ။ ညှီနံ့လိုလို ပုပ်စော်နံ့တွေနံပြီး ကျောချမ်းပါတယ်။ MOM ဆိုင်ရှေ့မှာ ကားတစ်စီးအပစ်ခံထားရသလားမသိပါဘူး။ကျည်ပေါက်ရာတွေနဲ့ ပွင့်လျက်သားအတိုင်းသားရှိနေပြီး အရှေ့မှာမီးရှို့ထားတဲ့ အရာတွေလည်း တွေ့ခဲ့ရတယ်” လို့ အိမ်ပြန်တဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ၁၄ရက် နံနက်ပိုင်းက တောင်မိုင်းလုံးအောက်ပိုင်းနဲ့ ဒီးမော့ဆိုတောင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး ညနေဘက်မှာတော့ ဒီးမော့ဆိုဘက်ကို စစ်ကောင်စီဘက်က လေယာဉ်တွေ ပျံသန်းခဲ့ပေမယ့် တိုက်ခိုက်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.