ထားဝယ်၊ ဖေဖေါ်ဝါရီ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား‌တွေဟာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့စစ်ကောင်စီအမိန့် မှန်သမျှကို ဆန့်ကျင်ကန့်ကွက်တာ၊ အကျဉ်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အစာငတ်ခံဆန္ဒပြတာကိုတော့ မနက်စာ စားချိန်ကနေ စတင်ပြီး အကျဉ်းသား အများစု ပါဝင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ဒီမနက်ကတည်းက စလုပ်နေတာလို့ သိရတယ်။ နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တယ်လို့တော့ သိရတယ်။ အခုဒုတိယအကြိမ်ဆိုတော့ ထောင်အာဏာပိုင်တွေလဲ တော်တော်ခေါင်းစားနေကြတယ်။ ဘယ်နှရက်လုပ်မလဲဆိုတာတော့ သေချာမသိရဘူး”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျဉ်းသား ၈၀၀ ကျော် လွှတ်ပေးခဲ့ပြီး ထားဝယ်အကျဉ်းထောင်ကနေ အကျဉ်သား ၃ ဦးသာ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘဲ အခြားအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ ဖြစ်ပါတယ်။

ထားဝယ်အကျဉ်းထောင်မှာတော့ စစ်တပ် အာဏာသိမ်းနှစ်ပတ်လည် ဖေဖေါ်ဝါရီ ၁ ရက်နေ့တုန်းကလည်း နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ဟာ တစ်ရက်တာ အစာငတ်ခံဆန္ဒပြခဲ့သေးတာဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.