မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀


စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို PPST အနေနဲ့ တက်ရောက်ဖို့ မရှိပေမယ့် အပစ်ရပ် လက်မှတ်ရေးထိုးတဲ့ အဖွဲ့ တစ်ဖွဲ့ချင်းဆီအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တက်ရောက်သွားဖို့ သတင်းရရှိထားတယ်လို့ ခွန်ဥက္ကာက ပြောပါတယ်။

 
စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၅ ဖွဲ့ထက်မနည်း တက်ရောက်ဖို့ ရှိတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။


အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဆွေးနွေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး ကြိုတင်ကန့်သတ်မထားဘဲ လွတ်လပ်စွာဆွေးနွေးဖလှယ်နိုင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာတာပါ။


Òတဖွဲ့ခြင်းဆုံးဖြတ်တာပေါ့။ တဖွဲ့ခြင်းဆုံးဖြတ်တဲ့အသံနားထောင်လိုက်တော့ ပုံစံအမျိုးမျိုးနဲ့ သွားကြမှာရှိမယ်။ ကျွန်တော်တို့ကြားတာကတော့ RCSS က ရုံးဆက်ဆံရေးတာဝန်ခံတယောက်ကို လွှတ်မယ်လို့ကြားတယ်။ နောက်ပြီးတော့ လားဟူ (LDU)ကလည်း ဗဟိုကော်မတီတယောက် သွားမယ်လို့ ကြားတယ်ပေါ့လေ။ အဲ့လိုတော့ ကျွန်တော်တို့ သတင်းရတယ်။ သွားနေကြဖြစ်တဲ့ DKBA တို့၊ KNLA (PC) တို့ကလည်း သွားကြမှာပဲ။ မွန်ပြည်သစ်ပါတီကလည်း သွားမယ်လို့ ထင်တယ်Óဟု PNLO နာယက ခွန်ဥက္ကာက သံလွင်တိုင်းမ်ကို ပြောပါတယ်။


စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အနေနဲ့ တက်ရောက်ဖို့ အလာtလားရှိပေမယ့် တက်ရောက်မယ့် ကိစ္စရပ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

 
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ တက်ရောက်ဖို့ မရှိဘူးလို့ ပြောဆိုထားပါတယ်။


ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ ငြိမ်းချမ်းရေး ကတိကဝတ်တွေ ချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မရှိဘူးလို့ ပြောပါတယ်။


Òအရင်အတွေ့အကြုံအရလည်း အများကြီးရှိထားတယ်။ ဖြစ်စဉ်တလျှောက်လုံးမှာလည်း သူတို့ပြောသလို မလုပ်ဘူး။ နိုင်ငံတကာရှေ့မှောက်မှာ သဘောတူညီချက်တွေ လက်မှတ်ထိုးခဲ့တယ် ဆိုပေမယ့် အကောင်အထည်ဖော်တာ တခုမှမလုပ်ဘူးလေ။ ကတိမတည်ဘူးဗျာ။ ရှင်းရှင်းပြောရင် လိမ်နေတယ်။ ကျွန်တော်တို့ကတော့ ထည့်စဉ်းစားစရာအကြောင်းကို မရှိတော့ဘူးလို့ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းကတော့ စစ်ကောင်စီဖိတ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ကိစ္စအတွက် အစည်းအဝေးလုပ်နေကြပြီး လောဆယ်မှာ ဆုံးဖြတ်ချက်မကျသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။


အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ရဲ့ သဘောထားတွေ သိရှိနိုင်ဖို့ သံလွင်တိုင်းမ်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။


လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ကျင်းပမယ့် စိန်ရတု ပြည်ထောင်စုနေ့နဲ့ အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်မယ်ဆိုတဲ့ ကိစ္စရပ်ကိုတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓါတ်ပုံ – ၂၀၂၀ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့သော စစ်တပ်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲပုံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.