မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈)

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးကို ချိုးဖောက်လိုက်တဲ့အတွက်ကြောင့် အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး အကြောင်းအရာ ဆွေးနွေးစရာ လုံးဝ မရှိဘူးလို့ KNU က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ကြောင်းနဲ့ ဆွေးနွေးမယ့်အကြောင်းအရာကို ကြိုတင်ကန့်သတ်မထားဘဲ လွတ်လပ်စွာဆွေးနွေးဖလှယ်နိုင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာတော့ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ တက်ရောက်ဖို့ကိုလည်း ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

အဆိုပါ ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး ကေအဲန် ပြောခွင့်ရသူ ပဒိုစောတောနီးက တရားမဝင် အဖွဲ့အစည်း တစ်ခု ဖြစ်နေတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အကြောင်း လုံးဝမရှိဘူးလို့ အခုလို ပြောပါတယ်။

“ သူတို့အာဏာသိမ်းကတည်းကိုက ကျွန်တော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးတွေကို ချိုးဖော်လိုက်တာပဲ ။ ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူး။ ကျွန်တော်တို့ ပြောချင်တာကတော့ သူတို့က တရားမဝင် အဖွဲ့အစည်းတစ်ခုဖြစ်သွားပြီးဆိုတော့ စစ်တပ်က နိုင်ငံရေးက စွန့်ခွာပြီး သူ့နေရာ သူနေဖို့ပါပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အာဏာသိမ်း စစ်တပ်ဟာ အဟန့်အတား တစ်ခု ဖြစ်နေတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ လုံးဝ ထွက်ခွာသွားဖို့ လိုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ ပြောဆိုနေပေမယ့် တဖက်မှာတော့ တိုင်းရင်းလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ဒါကြောင့် အာဏာသိမ်း စစ်တပ်အနေနဲ့ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးလိုချင်ရင် နိုင်ငံရေးထဲမှာလုံး၀ ဝင်မရှုပ်ဘဲ ထွက်ခွာသွားဖို့ လိုတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“ ငြိမ်းချမ်းရေးစကားပြောပြီး တဖက်က ထိုးစစ်ဆင်တာကို ရိုးနေပြီး ။ ငြိမ်းချမ်းရေးစကားကို ပြောရင် သေနတ်မောင်းတင်ပြီး စောင့်ရမလို ဖြစ်နေပြီး ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်တပ်က စစ်တပ်လို နေရပါမယ်။ အရပ်သားတွေရဲ့ အုပ်ချုပ်မှုအောက်မှာနေပြီး စစ်တပ်က နိုင်ငံရေးကို လုံးဝမပတ်သက်ရပါဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ခရိုင်တပ်မဟာအားလုံးလိုလိုမှာ စစ်ရေးတိုးချဲ့တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ KNDO တို့နဲ့ နေ့စဉ်န့အမျှ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ KNU တပ်မဟာ ၅၊ တပ်မဟာ ၆ တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက်ကြောင့် အရပ်သားပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.