ဘားအံ၊ ဖေဖေါ်ဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပျက်စီးသွားတာကြောင့် ပြန်လည်ပြုပြင်ဖို့ ဒေသခံတွေဆီက တစ်အိမ်ကို သစ် ၃ လုံးပေးဖို့ အတင်းအဓမ္မ တောင်းခံမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ညောင်ကုန်းရွာဒေသခံတွေကို ညောင်ကုန်းရွာရှိ အမှတ်(၁၀၁၄)BGF၊ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ပြီး သစ်လုံးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး သစ်လုံးပေးရမယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ရက်က သူတို့စခန်းတိုက်ခံရပြီး ပျက်စီးတာတွေ ပြန်ပြင်ဖို့လို့ ပြောတယ်။ မပေးမနေရသဘောမျိုး ပြောဆိုတာရှိတော့ ဒေသခံတွေက ကြောက်ပြီးပေးကြရမယ့်အခြေနေရှိနေတယ်လို့”ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

BGF က တစ်အိမ်ကို လုံးပတ် ၂ ထွာ၊ အလျား ၆ တောင်ခန့်ရှိ သစ်လုံး ၃ လုံး ဂိတ်စခန်းကို ပို့ပေးရမယ်လို့ အတင်းအဓမ္မခိုင်းစေနေတာပါ။

“သူတို့ ဒီမနက် ဒေသခံတွေကို ခေါ်ပြီး သစ်လုံးတွေပေးရမယ်လို့ပြောတာကိုတော့ ဒေသခံတွေထံက တဆင့်ပြန်သိရတယ်။ ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ သူတို့ ဒေသခံတွေအပေါ် သက်သက်မဲ့ ဖိနှိပ်မှုပဲ”လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက ညောင်ကုန်းကျေးရွာအနီးမှာ KNLA တပ်မဟာ(၁)တပ်ရင်း(၁)တပ်ဖွဲ့များနဲ့စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်ဘက်က ၂ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရကာ ဂိတ်စခန်း ၂ ခုပျက်စီးခဲ့တယ်လို့ KNU ဒူးသထူ၊ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.