မော်လမြိုင်၊ ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ထွက်ရှိတဲ့ ပြောင်းတွေကို ထိုင်းနိုင်ငံနယ်စပ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့ရတဲ့ အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။

ပြောင်းတင်ပို့သူတွေဟာ တရုတ် နယ်စပ်ဂိတ်တွေ အားလုံးနီးပါးပိတ်ထားတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံကို တင်သွင်းနေရပြီး အခုအခါ စက်သုံးဆီအပါအဝင် အထွေထွေကုန်စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေတာပါ။

လက်ရှိမှာတော့ အနယ်နယ် အရပ်ရပ်က ရောက်ရှိလာတဲ့ ပြောင်းတွေဟာဆိုရင် ထိုင်းနိုင်ငံကို တင်ပို့ဖို့အတွက် မြဝတီနယ်စပ်မှာ စောင့်နေရပြီး ထိုင်နိုင်ငံက တွဲကားတွေ ရောက်ရှိမှသာ လွဲပြောင်း တင်ပို့ရတဲ့ အတွက် ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့ အချိန် ကြန့်ကြာတာတွေ ရှိသလို ကုန်ကျစရိတ် ပိုမို ကုန်ကျတာတွေ လည်းရှိတယ်လို့ ပြောင်းကုန်သည် တစ်ဦးက ပြောပါတယ်။

အရင်က ပြောင်းတွေကို တရုတ်နိုင်ငံက တိုက်ရိုက် ဝယ်ယူပြီး တရုတ်နယ်စပ် ဂိတ်တွေက တဆင့် တင်သွင်းတဲ့ အတွက် တောင်သူတွေ အကျိုးအမြတ် ပိုရရှိခဲ့ပြီး အခုအခါမှာတော့ တွက်ခြေမကိုက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ ပြောင်းတွေကို ရှမ်း၊ ကယား၊ ကချင်ပြည်နယ်တွေမှာ အဓိကစိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဒေသအလိုက် စိုက်ပျိုးမှုတွေ ရှိနေတာပါ။

ထိုင်းနိုင်ငံဟာ နှစ်စဉ် ဖေဖော်ဝါရီ (၁)ရက်နေ့မှ ဩဂုတ်လ (၃၁)ရက်နေ့ထိ မြန်မာ့လယ်ယာ ထွက်ကုန် ဖြစ်တဲ့ ပြောင်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် ပြုထားပြီး စက်တင်ဘာလ (၁)ရက်နေ့မှ ဇန်နဝါရီ (၃၁)ရက်နေ့ထိကိုတော့ အခွန် (၇၃) ရာခိုင်နှုန်း သတ်မှတ်ပြီး တင်ပို့ခွင့် ပြုထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.