မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆)

ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုတွေ နေထိုင်ရာကျေးရွာတွေထဲကို လက်နက်ကြီး အချက်ပေါင်း ၁၈၀ ကျော် ပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ၅ ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင်က အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေမှာတော့ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် ဒေသခံအရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံလုပ်ဆောင်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တလတာအတွင်းမှာ စစ်ကောင်စီနဲ့ တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀၀ နီးပါးသေဆုံးခဲ့သလို ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.