မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြီးနောက် ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်၊ သထုံမြိနယ် ပိန္နဲတောတပ်စခန်းနဲ့အမှတ်(၉)အမြှောက်ကုန်းကနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် မိကျောင်းအိုင်ကျေးရွာအတွင်းကို လက်နက်ကြီး ကျဉ်၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဒေသခံအရပ်သားပြည်သူ စောလာခူးမှာ ဘယ်ဘက်လက်ကြေမွဒဏ်ရာ၊ အသက် ၃၅ နှစ်အရွယ် နော်ဘိုထူးမှာ ပေါင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ ရွှေကျင်၊ နောင်ကတုတ်၊ ရွှေရောင်ပြ၊ ဖားပိန်၊ ကျောက်တောင်၊ ကြက်ခြေခတ်၊ ကဒီပုကျးရွာတွေအနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းအဝင်နားနဲ့ သိမ်ဆိပ်-လေးကေကားလမ်းကို ၂ နာရီကျော်ကြာပိတ်ထားတာကြောင့် ခရီးသွားကားတွေ ရာချီပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.