မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄)

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက် တစ်နှစ်တာ ကာလအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရပ်တည်ဖို့ ပိုမို အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်တပ် အာဏာသိမ်း ပြီးနောက် စက်သုံးဆီ ဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာ၊ အလှူရှင် နည်းပါလားတာနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆက်လက် ရပ်တည်ဖို့ ခက်ခဲလာကြတာပါ။

လက်ရှိမှာတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆုံးရှုံးနေသလို စက်သုံးဆီဈေးနှုန်းကြောင့် ရေရှည်ရပ်တည်ဖို့ အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ ဆိုရင် အကုန်လုံးက လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိဘူး၊ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး၊ ကျွန်တော်တို့ အခုဆိုရင် ရဲလည်း ကြောက်နေရတယ် စစ်သားလည်း ကြောက်ရ အခု လမ်းကြောင်းသွားရင် ကလေးတွေကို စိတ်ချလက်ချနဲ့ လွတ်လို့ မရဲဘူး ဖြစ်နေတာပေါ့၊ ဟိုတုန်းကဆိုရင် ဆီဖိုး ပိုက်ဆံ(၆)သောင်း ရှိရင် ရန်ကုန် အသွားအပြန်ရတယ်၊ အခုဆိုရင် ပိုက်ဆံ (၁၃၀၀၀၀)မရှိရင် အသွားအပြန် သွားလို့မရဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီးမှ သွားလာနေရတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာမှုတွေ ရှိနေသလို နယ်ဝေး ပို့ဆောင်တဲ့ နေရာမှာလည်း ညမထွက်ရ အမိန့်တွေကြောင့် မသေသင့်ဘဲ သေဆုံးရတဲ့ လူနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားဖို့ စဉ်းစားလာရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အာဏာ မသိမ်းခင်က လမ်းခရီးကတော့ အချိန် (၂၄)နာရီ သွားလို့ ရတဲ့အတွက် လူနာတွေအတွက် အဆင်ပြေတယ်လေ၊ အခုအချိန်က အချိန် အကန့်အသတ်နဲ့ ဆိုတော့ လူနာတွေ အတွက်လည်း အဆင်မပြေဘူး၊ ကျွန်တော်တို့ ပို့ရတဲ့ သူတွေအတွက်လည်း အဆင်မပြေဘူး ပေါ့နော်၊ ဆီဈေး ကြီးလာတဲ့အတွက် လူနာတွေကို ပြန်ပို့ရတာလည်း အဆင်မပြေဘူး၊ ဆေးရုံဆင်း ဆေးရုံတက် ကူညီရတာလည်း အဆင်မပြေဘူး၊ နယ်ဝေး လမ်းကြောင်းတွေ ပို့ရတာလည်း အဆင်မပြေဘူး၊ ခက်ခဲတွေကတော့ အများကြီးပဲ၊ တစ်နေ့တစ်နေ့ ဆီဖိုးတောင် မတက်နိုင်လို့ အသင်းတောင် ရပ်ချင်နေပြီး” လို့ ဆိုပါတယ်။

တဖက်မှာတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို စစ်ကောင်စီက လိုင်စင်မဲ့ယာဉ် အသုံးမပြုဖို့ ညွန်ကြားထားတဲ့အတွက်ကြောင့် မော်တော်ယာဉ်အခက်အခဲ ရှိလာပြီး အရင်ထက် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီမှု ထက်ဝက်နီးပါး ရပ်နားလာရတယ်လို့ ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရင်လို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ နားလည်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.