မော်လမြိုင် ၊ ဖေဖော်ဝါရီ (၃)

စစ်တပ် အာဏာသိမ်းတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမယ့် တိုင်းပြည်ကို မထိန်းချုပ်နိုင်တာကြောင့် စစ်ကောင်စီရဲ့ အခြေအနေဟာ ကျဆုံးခန်းရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ လက်ရှိအချိန်ထိ နိုင်ငံရေး၊စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးကအစ ထိန်းချုပ်နိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ လက်ရှိအခြေအနေဟာ နယ်မြေစိုးမိုးနိုင်မှု ပိုမိုအားနည်းလာတဲ့အတွက်ကြောင့် ကျဆုံးခန်းကို ရောက်နေပြီးလို့ ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“ စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်မြောက်သွားတယ်ဆိုပေမယ့် စစ်ကောင်စီကိုယ်တိုင်က အခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဘာလုပ်မယ် ညာလုပ်မယ် ပြောနေပေမယ့် ကဏ္ဍအသီးသီးမှာ ကျဆုံးနေတော့ ကျဆုံးခန်းကို ရောက်ပြီးလို့တောင် ပြောလို့ရနေပါပြီး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အခုနောက်ဆုံးအကြိမ် အာဏာသိမ်းမှုဟာ အရင်အကြိမ်တွေနဲ့မတူဘဲ ကဏ္ဍအသီးသီးက အခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ ထင်ရှားပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းရုံး KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ အာဏာသိမ်း စစ်ကောင်စီကို ဗမာတိုင်းရင်းသားတွေကအစ လက်နက် တော်လှန်နေတဲ့အတွက်ကြောင့် မကြာမီကာလအတွင်း နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အောင်မြင်တော့မယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးမှာထူးခြားလာတာက စစ်အာဏာရှင်တော်လှန်ရေးမှာ ဗမာတိုင်းရင်းသားတွေပါ ပါဝင်လာတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးရဲ့ လက်နက်ကိုင် တော်လှန်ရေး နွေဦးတော်လှန်ရေးကတော့ မုချအောင်မြင်မယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်” လို့
ကရင်အမျိုးသားအစည်းရုံး KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ အခင်းအကျင်းအရ ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး လုံးဝ ကွယ်ပျောက်သွားနိုင်တယ်လို့ KNU က ဆိုပါတယ်။

လက်ရှိမှာတော့ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအားလုံးမှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက်လှုပ်ရှားမှုတွေ ဆောင်ရွက်နေတာကြောင့် KNLA တပ်မဟာ အားလုံးလိုလိုမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေလည်း တစ်သိန်းကျော်အထိ ရှိလာတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
Photo – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.