ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၃

လက်ရှိအာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသော ကမ္ဘောဒီးယားနိုင်ငံက မကြာခင်ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမည်မဟုတ်ဟု ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံဘုံရည်မှန်းချက် (၅)ချက်ကို အကောင်အထည်ဖော်မှုအားနည်းနေတာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို လာမယ့်အစည်းအဝေးမှာ ဖိတ်ကြားဖို့ ခက်ခဲစေခဲ့တာဟု ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sounry က VOA Khmer ကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

ယင်းနိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးရာထူးကိုယ်စားမပြုသူတဦးကို ဖိတ်ကြားသွားဖို့တော့ရှိပါတယ်လို့ Chum က ထပ်မံပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးလို့ သိကြတဲ့ အာဆီယံဒေသတွင်းအစုအဖွဲ့တွေအကြား အရေးအပါဆုံးအစည်းအဝေးတစ်ခုဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ (၁၆)ရက်နှင့် (၁၇)ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်ဆီသွားရောက်ပြီး ညှိနှိုင်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပြောင်းပြန်ဖြစ်စေခဲ့ပါတယ်။

ယင်းခရီးစဉ်အပေါ်ကိုလည်း အာဆီယံအဖွဲံဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က တုန့်ပြန်ခဲ့ကြပါတယ်။

ကျွန်တော်တို့အနေနဲ့ လာမယ့်တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ခုံကို အလွတ်ထားမယ့်အစား နိုင်ငံရေးရာထူးကိုယ်စားမပြုသူပါဝင်နိုင်ဖို့ အားပေးပါတယ်။ သို့သော်လည်းပဲ ပါဝင်တာ မပါဝင်တာကတော့ မြန်မာရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်လို့ ပြောခွင့်ရသူ Chum Sounry က ပြောပါတယ်။

ကျွန်တော်တို့က အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ပြီး တိုးတက်မှုတွေကို ပြောတဲ့အခါ မြန်မာက တာဝန်ယူမှုရှိရှိနဲ့ အပစ်ခတ်ရပ်စဲပြီး အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ အားလုံးပါဝင်တဲ့ ဖမ်းဆီးခံနိုင်ငံရေးသမားတွေလည်းပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးရေးကို စတင်ဖို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Chum Sounry က ထပ်မံပြောပါတယ်။

Ref: VOA Khmer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.