မော်လမြိုင် ၊ ဖေဖော်ဝါရီိ (၁)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကုသပေးဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လတ်တလောကာလမှာ ဖျားတာ၊ ဌက်ဖျားရောဂါ အပါအဝင် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးရတာကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါတွေ ခံစားနေရပြီး သက်ကြီးပိုင်းတွေမှာ ရာသီဥတု အအေးဒဏ်ကြောင့် ကိုယ်လက်ထုံကျင် ကိုက်ခဲတာတွေကို ကြုံတွေ့နေရပါတယ်။

အဲဒီထဲမှာတော့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးသူငယ်တွေမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အကူအညီတွေ ပိုမို လိုအပ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်တွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်းတွေ အထိုက်အလျှောက် ရှိပေမယ့် ကုသပေးမယ့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“”စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကူညီပေးဖို့က ဆေးဝါးကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တတ်သိနားလည်သူက နည်းနေတယ်။ စစ်ရှောင်တွေက ထောင်ချီရှိနေတယ်။ သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူက ဆယ်ဂဏန်းလောက်ဘဲရှိတယ်။ ရှိနေတဲ့သူတွေကလဲ တိုင်းတစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှိနေတာမဟုတ်တော့ အချို့နေရာတွေမှာ ဆရာဝန်၊ သူနာပြုတွေ အများကြီးလိုအပ်နေတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက် ကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် ကိုယ်တိုင် ဆေးဝါး မကုသပေးနိုင်ရင်လည်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးတွေကို ကူညီဖြန့်ဝေပေးဖို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ တိုက်တွန်းလိုက်ပါတယ်။

တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီက လမ်းတွေပိတ်ဆို့ပြီး ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဆေးရုံးဆေးခန်းပြဖို့ အခက်ကြုံနေရသလို ဆေးကုသမှု မခံရလို့ သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီနဲ့ ရေဖြူမြို့နယ်က စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေမှာ ပုန်းခိုးနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.