မော်လမြိုင် ၊ ဇန်နဝါရီ (၂၇)

စစ်ကောင်စီလက်ထက်မှာ မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်ထားသူ ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး စာရင်း အချက်အလက်တွေအရ သိရပါတယ်။

အခုနှစ်မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုဖို့ လာရောက် လျှောက်ထားသူ ၁၂၀၀၀ နီးပါး ရှိနေတာပါ။

အဲဒီထဲမှာတော့ ကျောင်းတက်ပြီး ဖြေဆိုမယ့် ကျောင်းသူ၊ကျောင်သား ၉၀၀၀ ကျော်ရှိပြီး ပြင်ပဖြေဆိုဖို့ လျှောက်ထားသူ ၂၆၀၀ ကျော် ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ ၂၉၀၀၀ နီးပါးရှိခဲ့ပြီ’ ၂၀၂၀ ခုနှစ် မှာ ဖြေဆိုသူ ၃၀၀၀၀ ကျော် ရှိခဲ့တာပါ။

မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးကတော့ ကျောင်းသူ၊ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ဖို့အတွက် မိဘ၊ ဆရာနဲ့ ကျောင်းသားတွေ ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“လက်ရှိ အခြေအနေ အရပ်ရပ်အရပေါ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်မှု ကိစ္စရပ်မှာက ဆရာ ကျောင်းသား မိဘ အားလုံး ညီညွတ်မှ အဆင်ပြေ စိတ်ချရမယ်လေ၊ အဲ့လိုမျိုး ဆိုတဲ့အခါကျတော့ ကျောင်းတွေ ကတော့လည်း တက်နိုင်သလောက် အကုန်လုံး ကြိုးစားပြီးတော့ ဒါသင်ကြားရေး အပိုင်းရော ကလေးတွေကို အိမ်မှာ လေ့ကျင့်နိုင်ဖို့အတွက် မိဘတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဒီအပေါ်မှာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တဲ့ အပိုင်းတွေရော ဒါတွေကတော့ အားလုံး ဆောင်ရွက်နေပါတယ်၊ ကလေးတွေ ကလည်း အတိုင်းအတာ တစ်ခု သူတို့ဘက်ကတော့ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့တော့ လိုအပ်မှာပေါ့နော်”လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ် ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေကို သင်ခန်စာတွေ ပြီးမြောက်အောင် သင်ကြားနိုင်ဖို့ အတွက် တစ်ပတ်မှာ (၆)ရက် ကျောင်းဖွင့်ပြီး သင်ကြားပေးနေသလို သင်ခန်စာတွေ လေ့ကျင့်နိုင်ဖို့ အတွက်လည်း သင်ထောက်ကူ ပစ္စည်းတွေကို ကျောင်းအလိုက် ထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမယ့် မတ်လ(၃၁)ရက်နေ့ကနေ ဧပြီလ (၉)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။

မွန်ပြည်နယ်မှာတော့ အခြေခံပညာ ကျောင်းပေါင်း (၁၅၀၀)ကျော်ရှိနေတာ ဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာတော့ ကျောင်းသား ကျောင်းသူ (၂)သိန်းကျော် တက်ရောက် ပညာသင်ကြားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.