မော်လမြိုင် ၊ ဇန်နဝါရီ (၂၇)

အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ပြည်သူတွေအနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဖြစ်တဲ့ အသံတိတ်သပိတ် Silent Strike မှာ ပူးပေါင်းပါဝင်ပေးဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု တစ်နှစ်ပြည့်ဖြစ်တဲ့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှု အသံတိတ် သပိတ် Silent Strike ကို နိုင်ငံတဝှမ်းမှာ တပြိုင်နက် ပြုလုပ်ဖို့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ မပါဝင်ဖို့နဲ့ ပါဝင်ရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူမယ်လို့ ရပ်ကွက်အတွင်း လှည့်လှည်ကြေညာပြီး ခြိမ်းခြောက်ထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေး တစ်နှစ်ပြည့်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို လုံးဝ လက်မခံဘဲ အသံတိတ် သပိတ် Silent Strike မှာ ပူးပေါင်းပါဝင်ပေးဖို့
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ အခုလို တိုက်တွန်းလိုက်ပါတယ်။

“ ကြောက်အောင် ခြောက်နေတဲ့နည်းလမ်းတွေကို ကိုယ်က အရှံးမပေးလိုက်ဖို့ပေါ့နော် ။ အဓိက တော်လှန်နေတာ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ်။ ဒီအချိန်ထိ ပြည်သူတွေက ဇွဲရှိရှိနဲ့ တော်လှန်လာခဲ့တယ်။ ဒါကြောင့် အသံတိတ်သပိတ်မှာလည်း မိမိနဲ့ မိသားစုဝင်တွေလည်း အန္တရာယ်မရှိအောင် ညာဏ်ရှိရှိနဲ့ တော်လှန်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူတွေအနေနဲ့ မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအထိ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆိုင်တွေ ဈေးတွေ ပိတ်တာ ၊ လမ်းပေါ်မှာ ယာဉ်တွေ လူတွေ မသွားလာဘဲ နေအိမ်မှာပဲ နေထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းထားတာပါ။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဥက္ကဋ္ဌ မင်းသံစဉ်ဦးကလည်း စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်တွေကို လက်မခံဘဲ အသံတိတ်သပိတ် Silent Strike မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

“ဘယ်အမိန့်ညွန်ကြားချက်အမိန့်ကိုမှ နာခံစရာမလိုဘူး။ပြည်သူ့အစိုးရရှိတယ်၊ ပြည်သူရှိတယ်၊ ကျောင်းသား၊ PDF ရဲဘော်တွေ ရှိတယ်။သူတို့နဲ့အတူပူးပေါင်းပြီးတော့ ဆက်လက်ပြီးတော့ အကြမ်းမဖက် အာဏာဖီဆန်စွာနဲ့ပဲ Silent Strike (အသံတိတ်သပိတ်) မှာ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံလိုတယ်”လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အသံတိတ် သပိတ် Silent Strike ပါဝင်ဖို့ လှုံဆော်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ၅၀၅ (က) ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)အပြင် တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မွန်ပြည်နယ်အတွင်းက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ အပြင်ထွက်သွားလာတာတွေ မလုပ်တဲ့ အသံတိတ် သပိတ် (Silent Strike)မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ငြိမ်သက်ခြင်းသပိတ်မှာ ပါဝင်ခဲ့တဲ့ မော်လမြိုင်မြို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.