မော်လမြိုင် ၊ ဇန်နဝါရီ (၂၆)

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ခရီးသည်ရရှိမှု နည်းပါးလာတာကြောင့် လုပ်ငန်း ရပ်နားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တက်စီမောင်းသူတွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်ရာကနေ အခုအခါမှာတော့ တစ်လီတာကို ကျပ် ၂၀၀ လောက်ထိ ထပ်မံမြင့်တက်လာတာပါ။

လက်ရှိမှာတော့ တက်စီမောင်းသူတွေဟာ စက်သုံးဆီးဈေးနှုန်း ဆက်တိုက် မြင့်တက်လာတဲ့အတွက်ကြောင့် မိသားစု ဝမ်းရေး ဈေးဖိုးထက် ဆီဖိုးကို အရင်ရှာနေပြီး ဒီအခြေအနေအတိုင်း ပိုဆိုးလာရင် လုပ်ငန်းရပ်ရဖို့ ရှိနေတယ်လို့ သုံးဘီးယာဉ်မောင်းသူ တစ်ဦးက ပြောပါတယ်။

““ကျွန်တော်တို့က တော်တော် အခက်အခဲ ဖြစ်သွားတယ်၊ ကျွန်တော်တို့က အခုက အိမ်မှာ အမျိုးသမီးကို ဈေးဖိုး ပေးဖို့အတွက်ကို ဆီးဖိုးရဖို့ အရင်ရှာနေရတယ်၊ နောက်သုံးဘီး ပိုက်ဆံ (၁)သောင်းကျော်လောက် ရတဲ့သူတွေဆို ဘယ်လိုမှ အဆင်မပြေဘူး၊ သုံးဘီးခပဲ ဆီ(၆၀၀၀)လောက် သွားပြီး၊ ပိုက်ဆံ (၁)သောင်းလောက် ဆိုတော့ (၄၀၀၀)ပဲ ကျန်တယ်၊ အဲ့တော့ မပြေလည်း တခြား လုပ်စရာ ကျွန်တော်တို့မှာ မရှိဘူး၊ မရှိတော့ ဒီအလုပ်ပဲ ကျွန်တော်တို့ လုပ်နေရတယ်၊ စက်သုံးဆီ ဈေးနှုန်း မကျဘဲနဲ့ ဒီအတိုင်းပဲ ဆက်ဖြစ်လာရင်တော့ ကျွန်တော်တို့ နောက်ဆုံး မနိုင်တဲ့ အဆုံး ဆိုတော့လည်း သုံးဘီး ထိုးရပ်ရတဲ့ အနေအထားထိတောင် ဖြစ်ပေါ် သွားနိုင်တယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးတွေ တင်းကြပ်ခဲ့တာကြောင့် အရင်ကလောက် ငှားရမ်းစီးနင်းသူ မရှိတော့တဲ့အတွက် နေ့စဉ် ပုံမှန် ဝင်ငွေရဖို့ ခက်ခဲလာကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆိုင်ကယ်တက္ကစီမောင်းသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အရင်ကဆို ဆီ(၁၀၀၀)ဖိုး ထည့်ပြီးရင် လိုက်ပတ်နေလို့ ရတယ်လေ ဆီကပေါတာကို၊ ပတ်မောင်းနေလို ရတယ်လေ ဟိုမှာတစ်ယောက် ဒီမှာတစ်ယောက် လမ်းမှာ ခရီးသည်တွေ ရတာပေါ့၊ အခုက ဆီဈေးဆို ဘယ်လို ပတ်နိုင်မလည်း မပတ်နိုင်ဘူးလေ၊ မပတ်နိုင်ဘူးဆိုတော့ ခရီးသည် ရပြီးရင် ငုတ်တုတ်ထိုင်ပေါ့၊ လိုက်ပတ်ဖို့ အဆင်မပြေဘူးလေ ဆီက အရမ်း ဈေးကြီးတာကို” လို့ ဆိုပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင်၊ ၉၅ တစ်လီတာ ကျပ် ၇၀၀ နီးပါးသာ ရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာတော့ ဓာတ်ဆီ ၉၂ တစ်လီတာကို ကျပ် ၁၆၀၀ ကျော် ၊ ၉၅ တစ်လီတာကို ကျပ် ၁၇၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။

စက်သုံးဆီလုပ်ငန်းရှင်တွေကတော့ စက်ဆီဈေးနှုန်း မြင့်တက်လာရတာဟာ စစ်တပ် အာဏာသိမ်ပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုနဲ့ အဓိက သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.