မော်လမြိုင် ၊ ဇန်နဝါရီ (၂၃)

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီက အဝေးပြေးယာဉ်လိုင်းတွေကို ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ထားတဲ့အတွက်ကြောင့် အခက်အခဲတွေ ရှိနေကြတယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီက အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ကုန်ပစ္စည်း တင်ဆောင်ရာမှာ ယိုးဒယားက တင်းသွင်းလာတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆေးပုလင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဝါယာကြိုးတွေ၊ ပုခတ်တွေ အပါအဝင် ကုန်ပစ္စည်း အများစုကို ကန့်သတ်ထားသလို လက်တော့ပ်၊ဖုန်း အပါအဝင် ပစ္စည်း ၁၉ မျိုးအပေါ်မှာ တင်းကြပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

အဲလို စစ်ဆေးရာမှာလည်း ကုန်ပစ္စည်း အားလုံးနီးပါးကို ဖွင့်ဖောက် စစ်ဆေးနေတဲ့အတွက်ကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ဖွင့်ဖောက်ခံရတဲ့ ပစ္စည်းတွေရှိတယ်။သူတို့ (စကစတပ်သားတွေ)မသင်္ကာရင် ဖွင့်ဖောက်တယ်။တရားဝင်တဲ့ ပစ္စည်းရော၊တရားမဝင်တဲ့ ပစ္စည်းရော မသင်္ကာရင် သူတို့အကုန်လုံးဖောက်တယ်။ပိုင်ရှင်မဲ့ရော၊ ပိုင်ရှင်မမဲ့ရော မသင်္ကာရင် အကုန်လုံးကို ဖောက်တယ်”လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဝေပြေးကားဂိတ်တွေက တဆင့် လူမဲ့တန်ဆာပစ္စည်းတွေ ပေးပို့ရာမှာလည်း ခိုင်လုံတဲ့ အထောက်အထားဖြစ်ဖို့အတွက်ဆိုပြီး ပေးပို့သူရဲ့ မှတ်ပုံတင်မိတ္တူ ရယူကြဖို့ စစ်ကောင်စီ ညွှန်ကြားထားပါတယ်။

ကုန်ပစ္စည်းတွေ တင်ဆောင်ရာမှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ငွေကြေး အဆမတန် တောင်းယူနေသလို မပေးရင် ကားတွေကို သွားလာခွင့်မပြုဘူးလို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လမ်းမှာတော့ စစ်ဆေးတယ်။စစ်တဲ့အခါတော့ စစ်တယ်။မစစ်တဲ့အခါ မစစ်ဘူး၊ဒါပေမယ့် ကားဆရာကတော့ ပစ္စည်းတွေကို Box ဖွင့်ပြရတယ်၊ သူတို့က(စကစတပ်သား) စစ်တယ်။ စစ်လို့ရှိရင် မသင်္ကာတဲ့ပစ္စည်းတွေ့လို့ရှိရင် ယူထားပြီးတော့ ဒီဘက် မော်လမြိုင်က လာပို့တဲ့သူကို လှမ်းဆက်တယ်။ဂိတ်မှာ တစ်ခါတည်း ရှင်းပေးရတယ်”လို့ အဝေးပြေးယာဥ်လိုင်းတစ်ခုရဲ့ တန်ဆာလက်ခံဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေဟာ အခုအခါမှာတော့ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ခရီးသည်း ရရှိမှု နည်းပါးလာတာနဲ့ ကုန်ပစ္စည်း တင်ပို့ရမှု သိသိသာသာ ကျဆင်းလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ယာဉ်လိုင်းအများစုက ကားအစီအရေ အကန့်အသတ်နဲ့ ပြေးဆွဲနေကြရပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၃ လိုင်း ရှိနေတာ ဖြစ်ပြီး၊ ယာဉ်လိုင်းအများစု ရပ်နားထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.