မော်လမြိုင် ၊ ဇန်နဝါရီ (၂၃)

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု စုံစမ်းတွေ့ရှိချက် အစီရင်ခံစာ စာအုပ် ဖြန့်ဝေဆပ်ကပ်တာဟာ ဘာသာရေးကို ခုတုံး လုပ်တာ ဖြစ်တယ်တယ်လို့ ရဟန်းသံဃာတော်တွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက သူတို့ ပြုစုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှာ စုံစမ်းတွေ့ရှိချက်အစီရင်ခံစာ စာအုပ်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့အတွက် ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်တိုက်တွေကို ဖြန့်ဝေဆပ်ကပ်ဖို့ သာသနာရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်မှာ ညွှန်ကြားထားတာပါ။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ ဘာသာရေးကို ခုတုံး လုပ်တာ ဖြစ်ပြီး၊ ရဟန်းသံဃာတော်တွေ အပါအဝင် ဒါယကာ၊ဒါယကာမတွေကို အသိမှား၊အမြင်မှား ဖြစ်အောင် လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ ဆရာတော် တစ်ပါးက မိန့်ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ အခုလုပ်ရပ်ကို နိုင်ငံတော်အဆင့် ဆရာတော်ကြီးတွေ အပါအဝင် သံဃနာယကအဖွဲ့ဝင် ဆရာတော်တွေအနေနဲ့ အမျှော်အမြင်ရှိစွာ ဆင်ခြင်တော်မူကြဖို့ ထပ်လောင်းမိန့်ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မဲမသမာမှု စစ်ဆေးတွေ့ရှိချက် စာအုပ်ကို ရဟန်းသံဃာတွေထံ ဖြန့်ဝေပြီး ပြည်သူလူထုအား နားချခိုင်းတဲ့လုပ်ရပ်ဟာ ရဟန်းသံဃာနဲ့ ပြည်သူအကြား ရန်တိုက်ပေးတဲ့ လုပ်ရပ်ဖြစ်လို့ သံဃသမဂ္ဂ(မန္တလေး)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှု စုံစမ်းတွေ့ရှိချက်စာအုပ်ကို ပြည်သူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိလာဖို့ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးတွေကတဆင့် လိုက်လံရောင်းချခိုင်းဖို့ စီစဉ်နေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.