မော်လမြိုင် ၊ ဇန်နဝါရီ (၂၁)

မွန်ပြည်နယ်အတွင်းက ဝက်တွေမှာ အမည်မသိ ဗိုင်းရပ်စ် ရောဂါပိုးတွေ ဝင်ရောက်ပြီး ခြံလုံးကျွတ် သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဝက်တွေမှာ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ရောဂါပိုးဟာ အမျိုးအစား မသိသေးလို့ ကုသဆေးလည်း မရှိသလို ကာကွယ်ဆေးလည်း မရှိတာကြောင့် ဝက်ခြံတွေမှာ ဝက်တစ်ကောင် ရောဂါ ကူးစက်ခံရပြီးရင် ခြံလုံးကျွတ် သေဆုံးမှုတွေ ဖြစ်ပေါ်နေတာပါ။

ဝက်တွေ သေဆုံးရတဲ့ ကူးစက်ရောဂါဟာ ထိုင်းနိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ ဝက်တွေကြောင့် ဖြစ်နိုင်တယ်လို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အဓိက ခန့်မှန်းရမယ် ဆိုရင် သူတို့သည် တရားမဝင် ဝင်လာတဲ့ ထိုင်းဝက်တွေရဲ့ လမ်းကြောင်းကနေ ပါတယ်လို့ ခန့်မှန်းလို့ ရတယ်၊ စပြီးတော့ တွေ့တာက ကရင်ပြည်နယ် ဘက်မှာ စဖြစ်တယ်ပေါ့၊ ကရင်ပြည်နယ် ဘက်မှာ စဖြစ်ပြီးတော့ နောက် မွန်ကိုလည်း ကူးလာတယ်၊ ကူးလာပြီးတော့ အသေအပျောက်တွေ များလာတာပေါ့၊ ကူးစက် ခံရပြီး ဆိုရင်တော့ ရာနှုန်းပြည့် သေဆုံးသွားတာ တွေပဲများတယ်၊ ဗိုင်းရပ်စ် တစ်မျိုးကြောင့် သေတယ်လို့ ခန့်မှန်းရတာပေါ့၊ အသေအပျောက်ကလည်း များတယ်၊ တချို့ဆိုရင် ခြံလုံးကျွတ် သေသွားတာတွေ ရှိတယ်လေ”လို ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဝက်တွေဟာ အရင်ဆုံး ရုတ်တရက် လဲကျပြီးနောက် ပြန်ထမတော့သလို နောက်ပိုင်းမှာ အစာမစားတာနဲ့ နှာခေါင်းကနေ သွေးထွက်ပြီး သေဆုံးမှုတွေ ဖြစ်ပေါ်နေတာပါ။

ဝက်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ခြံလုံးကျွတ် သေဆုံးနေတဲ့အတွက်ကြောင့် ဝက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေတန်ဖိုး ကျဆင်းပြီး မွေးမြူရေး အစာနဲ့ ဆေးဝါး ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာတဲ့အတွက်ကြောင့် မွေးမြူရေး လုပ်ငန်း ၅၀ ရာခိုင်နှုန်းထက်မနည်း ရပ်ထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.