မော်လမြိုင် ၊ ဇန်နဝါရီ (၂၁)

အာဏာသိမ်း စစ်ကောင်စီက ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းတာဟာ PR စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ အနိုင်ရဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုသာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အားလုံးမှာ ခရိုင် ၄၂ ခု တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထိုမြို့နယ်နဲ့ ရေးမြို့နယ်ကို ခရိုင်အဖြစ် တိုးချဲ့ သတ်မှတ်လိုက်တာပါ။

စစ်ကောင်စီက အခုလို ခရိုင်တိုးချဲ့ ဖွဲ့စည်းတာဟာ PR စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ အနိုင်ရဖို့ ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“အဓိကတော့ PR စနစ်နဲ့ လုပ်မယ့် ရွေးကောက်ပွဲမှာ သူတို့ဘက်က (စကစ) အနိုင်ရဖို့အတွက် ကြိုတင်ပြင်ဆင်တယ်လို့ပဲ မှတ်ချက်ပြုလိုတယ်။သူတို့ရဲ့ (စကစ)ဘက်တော်သားတွေကို ပိုမိုပြီးတော့မှ မဲရစေနိုင်တာမျိုးလည်း ဖြစ်နိုင်သလို တစ်ခြားတစ်ဖက်မှာလည်းပဲ သူတို့အနေနဲ့ အနိုင်ရရှိမှု ရာခိုင်နှုန်း ပိုမိုပြီး ရရှိအောင်ဆိုပြီးတော့မှ နယ်မြေတွေကို အကန့်သေးသေး ခွဲလိုက်တဲ့ သဘောလို့ မြင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက ခရိုင်တွေ တိုးချဲ့ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းမှုဟာ ပြည်သူလူထု ထောက်ခံမှု မရှိတဲ့အတွက်ကြောင့် အောင်မြင်လာမှာ မဟုတ်သလို နိုင်ငံရေးအရ ကျဆုံးမှုပဲ ဖြစ်လာမယ်လို့ ဦးစိုင်းလိတ်က ဆက်လက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ (အချိုးကျကိုယ်စားပြု) PR စနစ်ကျင့်သုံးဖို့ ပြင်ဆင်ထားပြီးလို့ ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်လောင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အခု လုပ်ဆောင်ချက်ဟာ ရွေးကောက်ပွဲ အနိုင်ရဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ခရိုင်တွေ ခွဲပြီး လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောပါတယ်။

“၂၀၂၃ မှာ သူတို့က (စကစ) ရွေးကောက်ပွဲပြန်လုပ်ဖို့ရှိတဲ့အတွက် ခရိုင်ခွဲပြီး ကြိုတင်ပြင်ဆင်မှု လုပ်တယ်လို့ မြင်တယ်။နောက်တစ်ခုကျတော့ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေကို ခရိုင်အဆင့်ကနေပြီးတော့ ထိန်းချုပ်လို့ မနိုင်တဲ့အခါကျတော့ ခရိုင်တွေထပ်ခွဲပြီး အုပ်ချုပ်တဲ့သူတွေကို ခန့်ပြီး မြေပြင်လှုပ်ရှားတဲ့အဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေကို သူတို့ ဒီထက်ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ချင်လို့ အဲလိုမျိုး ခရိုင်ခွဲတယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ခရိုင်တွေ တိုးချဲ့ပြီး သူတို့ အနိုင်ရဖို့ ကြိုးပမ်းလာမှုဟာ လက်ရှိ နိုင်ငံအရေး အခင်းအကျင်းအရ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ သဘောတူညီမှုတွေ ရရှိထားပြီးလို့ ဆိုထားပါတယ်။

စစ်ကောင်စီက PR စနစ် ကျင့်သုံးမယ့် ဆွေးနွေးပွဲတွေကိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားအင်အားကြီးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့ တက်ရောက်တာ လုံးဝ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.