မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မော်လမြိုင်တက္ကသိုလ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့အထိ ကျောင်းတက်ရောက်တဲ့ ကျောင်းသူ၊ကျောင်းသား ၁၅၀ နီးပါးထိ ရှိလာတယ်လို့ Non CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။

စစ်ကောင်စီက တက္ကသိုလ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၊ ဥပဒေပညာ စတုတ္ထနှစ်၊ မဟာ အရည်အချင်းစစ် သင်တန်း၊ မဟာဘွဲ့သင်တန်း ပထမနှစ်နဲ့ ဒုတိယနှစ် တွေကို သင်ကြား ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောင်းတက်ရောက်တဲ့ ကျောင်းသူ၊ကျောင်းသား ၁၅၀ နီးပါးထိ ရှိလာခဲ့တာ ဖြစ်ပြီး၊ အများစုကတော့ ကျောင်းအဆောင်တွေကနေ နေပြီး ကျောင်းတက်ရောက်နေကြတာလို့ No CDM ဆရာမ တစ်ဦးက ပြောပါတယ်။

“အခုက ကျောင်းတက်တဲ့ သူတွေ တဖြည်းဖြည်း များလာပြီးပေါ့၊ လက်ရှိ ကျောင်းသားရော ကျောင်းသူရော ဆိုရင် မေဂျာ အကုန်လုံးပေါင်း (၁၅၀)လောက် ရှိနေပြီး၊ တချို့က ကျောင်းထဲမှာ အဆောင်နေပြီး တက်တဲ့ သူလည်းရှိသလို အပြင် အဆောင်တွေကနေ တက်တဲ့သူတွေလည်း ရှိတယ်၊ သူတို့တွေ ကိုတော့ ကျောင်းမှာ စာသင်ကြား ပေးနေပါပြီး”လို့ ပြောပါတယ်။

ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ မတ်လအကုန်မှာ စာမေးပွဲ ဖြေဆိုရင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်ထက်မှာ ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေကိုတော့ အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ကြေညာထားသလို မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကလည်း ကျောင်းမတက်ဘဲ သပိတ်မှောက်ပေးဖို့ တိုက်တွန်းထားတာပါ။

မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ပြီးခဲ့တဲ့ မေလတုန်းက ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ပါရဂူဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေကိုတော့ ကျောင်းသူ၊ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပြီး၊ ကျောင်းတက်ရောက်သူ အားလုံးကို စစ်ကောင်စီက မအောင်မနေရ စနစ်ဖြင့် စာမေးပွဲ အောင်ပေးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.