မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကရင် လူ့အခွင့်အရေး အဖွဲ့(KHRG)က ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ အံကလော် မြို့ဟောင်းကျေးရွာတွေမှာ အခုရက်ပိုင်းတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်းက စစ်ကောင်စီက မြေပြင်အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်မှုတွေဆောင်ရွက်နေတာကြောင့် ကော့နွဲ့ အံကလော် မြို့ဟောင်း မိဂသိန် ရွာသစ် ကမိုင်ကုန်းစတဲ့ ကျေးရွာ ၁၀ ကျော်က ဒေသခံပြည်သူအများအပြား ထွက်ပြေးနေခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ နီးပါးထိရှိလာပြီးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်သူတွေအတွက် စားနပ်ရိက္ခာ အမိုးအကာ ဆေးဝါး စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေခဲ့တာ ဖြစ်ကာ လူနေအိမ် အဆောက်အဦး ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Salweem Press

ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ဒေသခံ နေအိမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.