မော်လမြိုင် ၊ ဇန်နဝါရီ (၁၆)

ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

KUN တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်ဆိပ်-လေးကေ လမ်းကနေ တင့်ကား အပါအဝင် စစ်ကား ၂၁ စီးဟာ စားနပ်ရိက္ခာ၊ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာပြီး၊ စစ်ကောင်စီရဲ့ လေးကေစခန်းနဲ့ ပိန္နတောစခန်းမှာ ဝင်ရောက် တပ်စွဲ နေရာ ယူထားတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစပြီး KNLA တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ဘားအံတို့မှာ စစ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဘက်က အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်လာတဲ့အတွက်ကြောင့် ပြန်လည် ခုခံဖို့ အသင့်ပြင်ဆင်ထားတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

“သူတို့ဘက်က အင်အားတိုးလာတာကရှိတယ်။ ဘယ်လောက်ထိဆိုတာ အတိအကျပြောဖို့ခက်တယ်။ တဖြည်းဖြည်းနဲ့တိုးနေတယ်။ ပြီးတော့အမြှောက်ကားတွေ၊ အမြှောက်ကုန်းတွေကနေ တပ်ဆင်ပြင်နေတာတွေရှိတယ်။ သူတို့ဘက်က စစ်ဆင်ရေးတွေလုပ်လာရင်တော့ ကျွန်တော်တို့ဘက်ကတော့ ခုခံပိုင်ခွင့်အရ ပြန်လည်တိုက်ခိုက်သွားမှာပါ”လို့ KNLA တပ်မဟာ(၁)အတွင်းရေး ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒ့ါအပြင် KUN တပ်မဟာ (၁) က ပြည်သူတွေအနေနဲ့လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။

KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ဒေသ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်ပြည်သူ ၄၀၀၀ နီးပါးဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.