မော်လမြိုင် ၊ ဇန်နဝါရီ (၁၆)
မွန်ပြည်နယ်အတွင်းက အခုနှစ် ဆောင်းသီးနှံပဲတွေမှာ ပိုးမွှားကျရောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ် အပါအဝင် ဆောင်းသီးနှံပဲတွေမှာ ငမြောင်တောင်၊ ရွက်လိပ်ရွက်ကပ်၊ မှှိုရောဂါတွေ ကျရောက်နေတာပါ။ အဲဒီပိုးမွှားတွေဟာ ရာသီဥတု မမှန်တာကြောင့် ဖြစ်ပေါ်နေတာပါ။
ပိုးမွှားကျရောက်နေတဲ့အတွက်ကြောင့် ပိုးသတ်ဆေး အပါအဝင် နည်းပညာ အကူအညီတွေ လိုအပ်နေတယ်လို့ တောင်သူ တစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဝါးနဲ့ စက်သုံးဆီဈေးနှုန်း အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေပြန်မဆပ်နိုင်တဲ့ တောင်သူတွေကို ဆောင်းသီးနှံချေးငွေ ထုတ်မပေးတဲ့အတွက်ကြောင့် ငွေကြေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။
မွန်ပြည်နယ်မှာတော့ ပဲပုတ်၊ ပဲတီစိမ်းနဲ့ မတ်ပဲတွေကို ရေးမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၉ မြို့နယ်တွေ အဓိက စိုက်ပျိုးနေတာပါ။
သတင်း – သံလွင်တိုင်းမ်