မြဝတီ၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်အသွား ကွမ်းခြံကွေ့အနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဂတ်စ် တင်ဆောင်လာတဲ့ ကားတွေ အပစ်ခံရပြီး ကား ၁ စီးမီးလောင်ကာ ယာဉ်မောင်း ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်မှာ မြဝတီကနေ ကော့ကရိတ်ဘက်ကို ထွက်ခွာလာတဲ့ ဂတ်စ်တင်ကားတွေကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတာကြောင့် ကားတစ်စီးမီးလောင်ပြီး နောက်ကားတစ်စီးမှာ ဂတ်စ်တွေ ယိုစိမ့်မှုဖြစ်ခဲ့ကာ ယာဉ်မောင်းဖြစ်သူက သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“မြဝတီကနေ ထွက်လာတာ ကား ၃ စီးလို့ သိရတယ်။ အပစ်ခံရတော့ ၁ စီးက မီးလောင်သွားတယ်။ နောက်တစ်စီးကတော့ ထိသွားပေမယ့် မီးမလောင်ဘူး။ မီးမလောင်တဲ့ကားက ယာဉ်မောင်းသေတယ်လို့တော့ သိရတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဂတ်စ်တင်ကားတွေ ပစ်ခံရပြီးနောက် မီးငြိမ်းသတ်ရန်လာတဲ့ မီးသတ်ကားတစ်စီးပါ ထပ်မံပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ကားရှေ့လေကာမှန် ကြေမွသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညကလည်း ကော့ကရိတ်တောင်ပိုင်း အာရှလမ်း ဒေါနတောင်ခြေနားမှာ သြရကုမ္ပဏီပိုင် Gass ကားတစ်စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီးခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.