မော်လမြိုင် ၊ ဇန်နဝါရီ (၁၆)

စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို အမှုဖွင့်အရေးယူတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် တိုင်းနဲ့ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် အသီးသီးက အဖွဲ့ဝင် ၂၅၀၀ နီးပါးကို တရားစွဲဆိုထားတယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ကော်မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြီးကြပ်မှု အားနည်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို တရားစွဲဆိုတာဟ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဌာန်းချက်နဲ့ မရှိတဲ့အတွက်ကြောင့် အခုလုပ်ရပ်ဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ဥပဒေပညာရှင် တစ်ဦးက ဝေဖန်ပြောဆိုလိုက် ပါတယ်။

“ ၂၀၀၈ ဖွဲ့စည်းပုံက အတည်ဖြစ်တယ်ဆိုတာက နစက က အာဏာသိမ်းကတည်းက အတိအလင်း ပြောထားခဲ့ပြီးသား။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်မှာလည်း မပါဘူး။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေထဲမှာလည်း မပါဘူး။ မပါတဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုရင်တော့ ဥပဒေအရကြည့်ရင် သင့်လျှော်မျှတတဲ့ ဆောင်ရွက်ချက်မဟုတ်ဘူးလို့ မြင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကလွဲပြီး ကျန် ပြည်နယ်၊ခရိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (ဆ) နဲ့ တရားရုံးတွေမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာပါ။

အဲဒီအမှုမှာ စစ်ကောင်စီရဲ့ ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလို ဖြစ်ပြီး၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလို သက်သေဖြစ်ပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၇၁ ဟာ တော်လှန်ရေးကောင်စီလက်ထက်ကတည်းက မသုံးတော့တဲ့ ပုဒ်မတွေ ဖြစ်ပြီး၊ အခုလို တရားစွဲတာဟာလည်း ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင် တစ်ဦးက ထောက်ပြပါတယ်။

“ ဒီဥပဒေပုဒ်မတွေဟာ တော်လှန်ရေးကောင်စီလက်ထက်ကတည်းက မသုံးတော့တဲ့ ပုဒ်မတွေဖြစ်တယ်။ ဒီစစ်ကောင်စီလက်ထဲမှာမှ ပြန်ပြီးအသုံးချ အသုံးပြုတဲ့ သဘောကို တွေ့ရတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ရွေးကောက်ပွဲ မဟုတ်မမှန်ဖော်ပြမှုလို့ ခေါ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (ဆ) ဟာ ပြစ်မှုထင်ရှားရင် ငွေဒဏ် ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ တစ်ခု ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက စွဲဆိုထား အမှုတွေအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို ဇန်နဝါရီ ပထမအပတ်ကစပြီး တရားရုံးတွေမှာ စတင် စစ်ဆေးနေပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.