မော်လမြိုင် ၊ ဇန်နဝါရီ (၁၄)

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေ ဖလူးဒေသမှာ ရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) တပ်စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး ဖလူးဒေသမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲဟာ ယမန်နေ့မှာလည်း ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲ ပြင်ထန်းနေတာပါ။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က အကျအဆုံးများပြီးနောက် အင်အားတိုးချဲ့ကာ ထပ်မံ ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိပေမယ့် DKBA အနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ DKBA တပ်ဖွဲ့က ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

“ ကျွန်တော်တို့ ပစ်လိုက်တာနဲ့ သူတို့ ပြန်ဆုတ်တယ် ။ ပြီးတော့ ပြန်တက်လာတယ်။ ကျွန်တော်တို့မှာတော့ ထိခိုက်တာ မရှိဘူး။ သူတို့ဘက်မှာ များမယ်။ ကျွန်တော်တို့ ပြောရရင် ပြေးဖို့လည်း မြေမရှိတော့ဘူး ။ ညီအကိုလိုပဲ ဆက်ဆံတာ သူတို့ ဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့လည် ဆော်မယ် ၊ ပြန်ချမယ် ၊ နောက်မဆုတ်ဘူး” လို့ ဆိုပါတယ်။

အဲဒီဖလူးဒေသတိုက်ပွဲကြောင့် ဒီကေဘီအေ ဗိုလ်မှူးစောစလုံးစခန်းက စစ်ဘေးရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီတပ်တွေက ဖလူးကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင့် လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လေးကေကော်ဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေဟာ ၂၀၀၀၀ ဝန်းကျင်ရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.