မော်လမြိုင် ၊ ဇန်နဝါရီ (၁၄)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်က ဖိအားပေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကူးဒေသမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတာပါ။

ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော် တိမ်းရှောင်နေတဲ့ မြရာချောင်းအနီးကို စစ်ကောင်စီတပ် အင်အား ၅၀လောက် ရောက်ပြီး နေရပ်ပြန်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ ကြောက်ကြောက်နဲ့ နေရပ်ပြန်လာကြပေမယ့် တချို့ကတော့ နီးစပ်ရာ တောတောင်တွေကို ထပ်မံ တိမ်းရှောင်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တကူးတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ဟာ ပြည်အေး၊ သံတိုက်၊ တိုက်ကမ်း၊ မြရာချောင်းနဲ့အင်လုစတဲ့ နေရာတွေရှိ ဆွေမျိုး၊ အသိနေအိမ်တွေနဲ့ နီးစပ်ရာ တောတောင်ထဲမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

လတ်တလော အခြေနေမှာတော့ တကူကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက် စစ်ရေးတင်းမား နေပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တုန်းက ဖြစ်တဲ့ တကူးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.