မော်လမြိုင် ၊ ဇန်နဝါရီ (၇)

မွန်ပြည်နယ်မှာ အခုနောက်ပိုင်း ဖမ်းဆီးခံရတဲ့သူတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဆက်တိုက် အမှုဖွင့်လာတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပါဝင်ခဲ့တဲ့သူနဲ့ စစ်ကောင်စီအား ဝေဖန်သူတွေကို ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးရမိရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်လာတာပါ။

အကြမ်းဖက် ဥပဒေတွေနဲ့ အမှုဖွင့်ခံရတဲ့သူ အများစုဟာ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေမရှိဘဲ အမှုဖွင့်ခံရနေတဲ့အတွက်ကြောာင့် နစ်နာမှုတွေ အများကြီးရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တယ်ဆိုပြီး ကွင်းဆက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးရမိရင်လည်း ပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ ၊ ၅၂ တွေနဲ့ အမှုဖွင့်လာတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ CDM ဝန်ထမ်းတချို့နဲ့ ပြည်သူ ၂၀၀ နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိတဲ့ ဖမ်းဆီးခံ ၃၀၀ ကျော်လောက်ကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.