မော်လမြိုင် ၊ ဇန်နဝါရီ (၂)
စစ်အာဏာရှင် ကျဆုံးရေးအတွက် မွန်ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိကာလမှာတော့ စစ်အာဏာရှင် ကျဆုံးရေးဖြစ်တဲ့ ပြည်သူ့ခုခံစစ်ပွဲနဲ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မြင့် တိုးတက်လာနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နှစ်သစ်မှာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် မွန်ပြည်သူတွေအနေနဲ့ NUG အစိုးရနဲအတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က အခုလို တိုက်တွန်းလိုက်ပါတယ်။
“တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး မြန်မြန်ပေါ်ထွန်းစေဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုကို ပေးဆောင်နိုင်တဲ့ ဖက်ဒရယ်တပ်မတော်ကြီး ပေါ်ထွန်းလာရေးအတွက် တတပ်တအား ပြည်သူလူထုနဲ့တကွ Strike တွေ ၊ဆန္ဒပြနေတဲ့လူငယ်တွေအားလုံးက တိုင်းရင်းသားပြည်သူနဲ့အတူ ကျွန်တော်တို့ရဲ့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော်လှန်ရေးကြီး မြန်မြန် အောင်မြင်ပါစေလို့ လူထုကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်”လို့ ပြောပါတယ်။
မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC ကလည်း နှစ်သစ်မှာ စစ်အာဏာရှင် မှန်သမျှ တွန်လှန်းပြီး မွန်ပြည်ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးအတွက် ကြိုပမ်းပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနဲ့အတူ မွန်ပြည်သားတွေရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒဖြင့် မွန်ဖက်ဒရယ်ပြည်ကို တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီ Charter ကို အရင်းတည်ပြီး မွန်ပြည်ဖွဲ့စည်းပုံကိုလည်း မွန်ပြည်သူ/သားတွေရဲ့ အရေးကို ရှေ့တန်းတင်ပြီး ပြည်သူ/သားတွေရဲ့ ဆန္ဒနဲ့အညီ မွန်ပြည်ဖွဲ့စည်းပုံကို အချိန်မီရေးဆွဲပြဌာန်းနိုင်ကြပါစေလို့ နှစ်သစ်ဆုတောင်းအနေနဲ့ ပြောကြားချင်ပါတယ်”လို့ MSICC ရဲ့ တွဲဘက်အတွင်းရေးမှူး (၂) မိသုတဇဝ်က အခုလိုပြောပါတယ်။
မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဟာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပါတယ်။
လက်ရှိမှာတော့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်