မော်လမြိုင် ၊ ဒီဇင်ဘာ (၁၉)

အာဏာသိမ်း စစ်တပ်ဟာ အခုနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲ ဖော်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေသာမက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေမှာလည်း အကျဆုံးများနေတာ ဖြစ်ပါတယ်။

အကျဆုံးများနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ် နည်းမျိုးစုံပြီး ဖိနှိပ်လာသလို ရင်ဆိုင်တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေကိုလည်း ဖမ်းဆီသတ်ဖြတ်တာတွေ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် အာဏာသိမ်း စစ်တပ်ရဲ့ လက်ရှိ အခြေအနေဟာ ရှုံးမဲမဲတဲ့ အဆင့်ကို ရောက်သွားပြီးလို့ ပြည်သူ့စစ်သားအဖွဲ့ဝင် CDM ဗိုလ်ကြီး လင်းထက်အောင်က မှတ်ချက်ပြုပါတယ်။

“ မိုက်ရူးရဲဆန်ပြီး ရှုံးမဲ မဲတဲ့အဆင့်ကို ရောက်နေပြီးလို့မြင်တယ် သူတို့ရဲ့ လုပ်ရပ်တွေကိုကြည့်ရင်။ တော်လှန်ရေး အင်အားစုတွေကို သူတို့ဆက်ဆံရာမှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ဘာမှမရှိဘူး။ နိုင်ငံခေါင်းဆောင်တွေကို ဆက်ဆံရာမှာလည်း အလွန်ကို ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေကို တွေ့ရတယ်။ သူတို့ရဲ့ လုပ်ရပ်တွေသည် နောက်ဆုံးအချိန်ထိ မိုက်ရူးရဲဆန်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဆိုတဲ့ စွမ်းရည် ၃ ရပ်လုံး ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။

စွမ်းရည် ၃ ရပ်လုံး ကျဆင်းလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ ရင်ဆိုင်တိုက်ပွဲတွေမှာ အကျအဆုံးများနေတဲ့အတွက် လေကြောင်း ပစ်ကူ ပိုမိုအသုံးပြုပြီး စစ်မျက်နှာပြင်တွေကို တိုးချဲ့ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်က အခုလို စစ်မျက်နှာပြင်တွေ တိုးချဲ့ဖွင့်လှစ်နေတာဟာ မကြာမီကာလအတွင်း ကျဆုံးတော့မယ်ဆိုတဲ့ အခြေအနေ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ညီသုတက ပြောပါတယ်။

“ တပ်က နဂိုကတည်းက စစ်ပန်းပြီးသားဗျ။ လက်ရှိအချိန်မှာ စစ်မျက်နှာ အများကြီးဖွင့်တယ်ဆိုတာက မကြာခင်မှာ သူတို့ကျဆုံးတော့မယ့် အတိတ်နိမိတ်ဘဲ။ သူတို့သည် သူတို့ရဲ့ မနိုင်ဝန်ကို ထမ်းနေရပြီး။ လက်ရှိအချိန်မှာ သူတို့က ခုခံစစ်ကို ပြန်ရောက်သွားပြီး။ မကြာခင်မှာ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို အရှုံးပေးရပါလိမ့်မယ် ခင်ဗျ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်ဟာ တပ်အတွင်းမှာလည်း စစ်သား အမျိုးသမီးတွေကို စစ်သင်တန်း တက်ခိုင်းတာအပြင် တပ်လုံခြုံရေးတွေပါ ထမ်းဆောင်ခိုင်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ မြို့ပေါ်လုံခြုံးရေးအတွက်ဆိုပြီး စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်လည် ခေါ်ယူအသုံးပြုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.