မော်လမြိုင် ၊ ဒီဇင်ဘာ (၁၉)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးစခန်းချပြီး သွားလာခွင့်ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တောင်ပျောက်တိုက်နယ်ရဲ့ အဓိကအဝင်အထွက်လမ်းပိုင်းနှစ်ခုဖြစ်တဲ့ သဲချောင်းကြီးရွာဘက် လမ်းပိုင်းနဲ့ စော်ဖျာရွာဘက် လမ်းပိုင်းတွေဟာ အရင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ စားသောက်ကုန် ဝယ်ခွင့်ရခဲ့ပေမယ့် အခုအခါ ဒီဇင်ဘာ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တာပါ။

အခုလို အခြေအနေကြောင့် စားသောက်ကုန်တွေ ကြိုတင် ဝယ်ယူစုဆောင်းထားတာမရှိတဲ့အတွက် ရေရှည်မှာ စားနပ်ရိက္ခာပြတ်လပ်သွားလာမှာကို စိုးရိမ်နေရတယ်လို့ တောင်ပျောက်တိုက်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓိက မြို့ထဲသွားလာခွင့်မပြုဘူးလေ၊ ဟိုတလောက စော်ဖျားလမ်းဘက်ကနေသွားပြီး စျေးဝယ်လို့ရတယ်၊ အခုတပတ်ရှိပြီး အဲဒီဘက်သူတို့ပိတ်ထားတာ သွားလို့မရတော့ဘူး၊ သဲချောင်းကြီးဘက်ကသွားတဲ့လမ်းလဲ ပိတ်လိုက်ပြီး အဓိကလမ်းနှစ်ပေါက်လုံးကို ပိတ်လိုက်တာ၊ အရင်တုန်းက ဆန်တွေ ကြိုဝယ်ထားတာရှိတယ်၊ ဒီရွာသားတွေက ပြီးခဲ့တဲ့လကုန်လောက်ကပဲ စစ်ရှောင်ရာကနေ ကိုယ့်အိမ်ပြန်လာရတာ၊ သူတို့မှာ စားသောက်ဖို့ရိက္ခာတွေ စုထားတာ ဘာမှ မရှိသေးဘူး၊ ရွာတွေထဲမှာ စပါးတွေ နည်းနည်းရှိနေသေးလို့ အခုအဆင်ပြေနေသေးတယ်၊ ဒီစပါးတွေကုန်ရင် ရိက္ခာတွေကုန်ပြီးလေ ရေရှည်ဆို အဲဒါက အခြေအနေ မကောင်းဘူး၊ စိုးရိမ်ရတယ်။ ” လို့ ဆိုပါတယ်။

တောင်ပျောက်တိုက်နယ်တဝိုက်မှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတာပြီး၊ ကျေးရွာထဲသို့ ညစဉ် သေနတ်ပစ်ဖောက်ခြောက်လှန့်တာ၊ လမ်းသွားလမ်းလာ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေကို မတရားရိုက်နက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ အင်အားထပ်မံဖြည့်တင်းလာတာအတွက်ကြောင့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြတဲ့အတွက်ကြောင့် ဒေသခံ ရွာသားတွေက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်နေကြပါတယ်။

တောင်ပျောက်တိုက်နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ ၉ ရွာက ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေး တိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.