မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈)


တနင်္သာရီတိုင်းမှာ စစ်အင်အား တိုးချဲ့လာတဲ့ စစ်ကောင်စီကားတွေနဲ့ နီးကပ်စွာ မသွားလာကြဖို့ တနင်္သာရီ ဒေသခံ PDF ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာမှာ ၁၇ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ထားဝယ်မြို့နယ်နဲ့သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တပ်ချိန်းအပြောင်း ပြုလုပ်တာ၊ စစ်အင်အားတိုးချဲ့တာနဲ့ရိက္ခာပို့ဆောင်ရာတွေမှာ ထားဝယ်-သရက်ချောင်း-ပုလောလမ်းမကြီးကို အသုံးပြုသွားလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ထားဝယ်- မြိတ်ကားလမ်းတစ်လျှောက် ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီကားတွေနဲ့ နီးကပ်စွာ မသွားဖို့ အပါအဝင် မော်တော်ယာဉ်တွေကိုလည်း မှန်ချမောင်းနှင်းပေးကြဖို့ ဒေါင်မင်းစစ်ရေးအဖွဲ့က သတိပေးထားတာ ဖြစ်ပါတယ်။

“ဒီဘက်မှာ စကစ ဘက်က တပ်လှုပ်ရှားမှုတွေ တော်တော်များနေတယ်။ လမ်းတွေဆိုလဲ ပိတ်ထားတာများတယ်။ တကယ်လို့ PDF တွေက သူတို့ကို တိုက်ခိုက်တဲ့အခါကျရင် ကြားမှာ ပြည်သူတွေခံနေရင် လုပ်ရကိုင်ရခက်တယ်။ ထိခိုက်သွားရင်လည်း မကောင်းဘူး။ တကယ်လို့ အခြေနေတွေ တင်းမာပြီး တိုက်ပွဲတွေဖြစ်လာတဲ့အခါကျရင် ပြည်သူတွေ လိုက်နာစေချင်တယ်။ ပြည်သူတွေကို ကျွန်တော်တို့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တတ်နိုင်သမျှ ပူးပေါင်းလိုက်နာစေချင်ပါတယ်။ ”လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ ထားဝယ်-မြိတ်ကားလမ်းတစ်လျှောက်က ကျေးရွာတွေကို ကင်းထောက်တာနဲ့ စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ကလည်း သရက်ချောင်းမြို့နယ်ထဲက ကျွဲခြံကျေးရွာနဲ့ဝင်းကဖော်ကျေးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က တနင်္သာရီထဲကို စစ်အင်အားတွေ ဆက်လက် တိုးချဲ့နေတဲ့အတွက်ကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.